မြောင်းမြမြို့နယ်မှာ ကျေးရွာကော်မရှင်နဲ့ ကြံ့ခိုင်ရေးပါတီ မဲကြိုကောက်
2012.03.31

RFA
အဲဒီလိုကောက်ခံရာမှာ NLD မဲရုံကိုယ်စားလှယ်တွေပါ လိုက်လံကြည့်ရှုခွင့် တောင်းရာမှာတော့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်က အထက်က ညွှန်ကြားချက်မရှိလို့ လိုက်ပါခွင့် မရဘူးလို့ ဦးမြင့်လွင်က ပြောပါတယ်။
ကြိုတင်မဲကောက်ခံရာမှာ NLD မဲရုံကိုယ်စားလှယ်တွေ လိုက်ပါခွင့်ပြုဖို့ မြို့နယ်ကော်မရှင်ကို အကြောင်းကြားတော့ ကျေးရွာကော်မရှင်တွေကို တယ်လီဖုန်းနဲ့ ညွှန်ကြားပေးမယ်လို့ အကြောင်းပြန်ခဲ့ပေမယ့် အောက်ခြေမှာ ထူးခြားမှုမရှိဘူး၊
အာဏာပိုင်တွေက ကြိုတင်မဲကောက်ခံရမှာ မဲကြိုပေးခွင့် မရှိသူတွေဆီကပါ ကြိုတင်မဲကောက်ခံတယ်လို့လည်း သူက ပြောပါတယ်။
ရွေးကောက်ပွဲ ကော်မရှင်က ကြိုတင်မဲပေးခွင့်ရှိသူလို့ သတ်မှတ်ထားသူတွေကတော့ ခရီးလွန်နေသူ၊ နာမကျန်းဖြစ်သူ၊ အသက်အရွယ်ကြီးရင့်သူ၊ အချုပ်ကျ အကျဉ်းကျသူ၊ နယ်ခြားမြေခြား တာဝန်ထမ်းနေကြတဲ့ အစိုးရဝန်ထမ်းနဲ့ အနာကြီးရောဂါသည်တွေ ဖြစ်ကြပါတယ်။
မြောင်းမြမြို့နယ်အတွင်းက ကျေးရွာတွေမှာ ကြိုတင်မဲ ကောက်ယူနေတဲ့ အခြေအနေနဲ့ ကြိုတင်မဲပေးခွင့်ရှိသူ စာရင်းကို မြောင်းမြမြို့နယ် ကော်မရှင်အတွင်းရေးမှူး ဦးကျော်သိန်းထွန်းကို တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာတော့-
"အဲဒါတော့ ကျနော်တို့ ပြောလို့မရဘူး။ ဒီအချိန်မှာပြောလို့မရတော့ပါဘူး။ ကျနော်လည်း ဘာမှ မဖြေတတ်တော့ပါဘူး။ ဒီဟာကို လိုချင်လို့ရှိရင် ဒီမြောင်းမြကို ကြွပြီးတော့မှ သတင်းသာ လာယူလိုက်ပါ" လို့ ပြောပါတယ်။
မြောင်းမြမဲဆန္ဒနယ်မှာ ကျေးရွာပေါင်း ၁၁၀ လောက်ရှိပြီး မြို့ပေါ်ရပ်ကွက်ကတော့ ၁၆ ရပ်ကွက် ရှိပါတယ်။ မဲဆန္ဒရှင်တွေ အကြား မှတ်ပုံတင်မရှိလို့ မဲပေးဖို့ အခက်အခဲ ဖြစ်နေသူတွေလည်း ရှိတယ်လို့ စုံစမ်းသိရှိရပါတယ်။