လွှတ်တော် သတင်းယူရာမှာ လိုက်နာရမယ့် ကန့်သတ်ချက် ၁၆ ချက် ထုတ်ပြန်
2011.08.22

(Photo: AFP/MRTV 4)
ပြည်တွင်း သတင်းထောက်တွေနဲ့ ပြည်တွင်း အခြေစိုက် နိုင်ငံခြား သတင်းထောက်များ လိုက်နာရမဲ့ အချက် ၁၆ ချက်ပါ အဲဒီ ကြေညာချက်မှာ သတင်းထောက်တွေ အနေနဲ့ သတ်မှတ်ထားတဲ့ နေရာကို တစုတဝေး ဝင်ရောက်ပြီး တစုတဝေးထဲ ပြန်လည် ထွက်ခွာဖို့ ညွှန်ကြားထား သလို သတ်မှတ်ထားတဲ့ နေရာ ကနေပြီး ၅ မိနစ်ထက် မပိုဘဲ သတင်း ဓါတ်ပုံ ရိုက်ကူးဖို့ ညွှန်ကြားထားပါတယ်။
လွှတ်တော်ရဲ့ လျှို့ဝှက် ကိစ္စတွေ မပေါက်ကြားစေရေး ၊ ပြင်ပ လွှမ်းမိုးမှုတွေ မရှိစေရေး နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ လုံခြုံရေး အတွက် သတင်းထောက်တွေ အနေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဝန်ထမ်းတွေကို ပြန်ကြားရေး ကော်မတီရဲ့ ခွင့်ပြုချက်နဲ့ လွှတ်တော် ပရဝုဏ် အတွင်းမှာပဲ တွေ့ဆုံဖို့လည်း ညွှန်ကြားထား ပါတယ်။ လွှတ်တော်အတွင်း ဆွေးနွေးချက်တွေနဲ့ ပတ်သက်ပြီး လွှတ်တော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေရန်နဲ့ အများ ပြည်သူ ထင်ယောင်ထင်မှား ဖြစ်စေရန် ရေးသား ဖော်ပြတာမျိုး မပြုဖို့လည်း ဆိုထားပါတယ်။
အဲဒီလို စည်းကမ်းချက်တွေ ထုတ်ပြန်ထားပေမဲ့ နေပြည်တော်မှာ ကျင်းပနေတဲ့ ဒီကနေ့ လွှတ်တော် အစည်းအဝေးမှာ သတင်း မီဒီယာတွေ အနေနဲ့ လွတ်လွတ်လပ်လပ် သတင်းယူခွင့် ရခဲ့ကြောင်း ပြည်တွင်း သတင်းထောက် တစ်ဦးက RFA ကို ပြောပါတယ်။
အစစ အရာရာ အဆင်ပြေကြောင်း၊ ဓါတ်ပုံ ရိုက်ကူးခွင့်၊ သမ္မတမိန့်ခွန်း နားထောင်ခွင့် ရရှိခဲ့ကြောင်း၊ အမျိုးသားလွှတ်တော် ဥက္ကဌနဲ့ ပါလီမန် နယက ဦးခင်မောင်မြင့်ရဲ့ မိန့်ခွန်းကိုလည်း နားထောင်ခွင့် ရခဲ့ကြောင်း သူက ပြောပါတယ်။
ဒီကနေ့ နေပြည်တော် လွှတ်တော် အစည်းအဝေးမှာ သတင်းထောက်တွေကို ပထမဆုံး အကြိမ် ဝင်ရောက် သတင်း ယူခွင့်ပြုရာမှာ တက်ရောက် သတင်းယူခဲ့တဲ့ ပြည်တွင်း ပြည်ပ သတင်းထောက် ၅၀ ခန့်ရှိတယ်လို့ သိရပါတယ်။