ရဟတ်ယာဉ်ကိစ္စ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ခဲ့ကြောင်း သမ္မတ ဦးဝင်းမြင့် ထွက်ဆို

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ ရဟတ်ယာဉ် ဝယ်ယူ၊ ငှားရမ်းမှုတွေကို လုပ်ထုံးလုပ်နည်းတွေအတိုင်းသာ ဆောင်ရွက်ခဲ့ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ဒီကနေ့ ကိုယ်တိုင်ထွက်ဆိုခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
နိုဝင်ဘာလ ၂၁ ရက် နေပြည်တော် အချုပ်ထောင်တွင်းတရားရုံးရဲ့ ဒီနေ့ရုံးချိန်းမှာ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်ကို စွပ်စွဲထားတဲ့ ရာဇသတ်ကြီး အမှုအမှတ် ၄၇၊ ၄၈၊ ၄၉ အမှုသုံးမှုအတွက် စစ်ဆေးခဲ့တာပါ။
ဒီသုံးမှုဟာ NLD အစိုးရလက်ထက် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံတွေကနေ ရဟတ်ယာဉ် ငှားရမ်းအသုံးပြုတာ၊ ရဟတ်ယာဉ် အသစ်တစ်စီး ဝယ်ယူတာနဲ့ သက်ဆိုင်တဲ့ အမှုတွေ ဖြစ်ပါတယ်။
သမ္မတ ဦးဝင်းမြင့်က သူ့အနေနဲ့ ရဟတ်ယာဉ်ဝယ်ယူ၊ ငှာရမ်းမှုတွေကို လုပ်ထုံးလုပ်နည်း တွေနဲ့ အညီ၊ ဘဏ္ဍာရေးစည်းမျဉ်းတွေအတိုင်းသာ ဆောင်ရွက်ခဲ့ကြောင်း ထွက်ဆိုခဲ့တာလို့ တရားရုံးနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
ရဟတ်ယာဉ်ဝယ်ယူ၊ ငှားရမ်းတာနဲ့ သက်ဆိုင်တဲ့ အဂတိအမှုတွေက ရာဇသတ်ကြီးအမှု အမှတ် ၄၆ ကနေ ၄၇၊ ၄၈၊ ၄၉၊ ၅၀ ထိ အမှု ငါးမှုရှိပြီး ဒီနေ့ထိ လေးမှု စစ်ဆေးပြီးစီးတာ ကြောင့် ကျန်နေတဲ့ တစ်မှုအတွက် သမ္မတ ဦးဝင်းမြင့်ကို မနက်ဖြန်ရုံးချိန်းမှာ ထပ်မံ စစ်ဆေးဖို့ ရှိနေပါတယ်။
စစ်ကောင်စီဘက်က စွပ်စွဲထားတဲ့ အမှု ငါးမှုစလုံးအတွက် သမ္မတ ဦးဝင်းမြင့်ကိုယ်တိုင် ထွက်ဆိုပြီးရင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဲဒီအမှု ငါးမှုလုံးအတွက် ကိုယ်တိုင်ထွက်ဆိုမှာ ဖြစ်ပါတယ်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် အမှုပေါင်း ရှစ်မှုနဲ့ တရားရင်ဆိုင်နေရပြီး အဲဒီအထဲက သုံးမှုအတွက် ထောင်ငါးနှစ် ချမှတ်ခံထားရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ အမှုပေါင်း ၁၉ မှုနဲ့ တရားစွဲခံရပြီး အဲဒီအထဲက အမှု ၁၄ မှုအတွက် ထောင်ဒဏ် ၂၆ နှစ် ချမှတ်ခံထားရပါတယ်။