သမ္မတ ဦးဝင်းမြင့်နဲ့ မိသားစု ထောင်ဝင်စာတွေ့ခွင့်ရ

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အား နေပြည်တော် သမ္မတအိမ်တော်တွင် ၂ဝ၁၈ ခုနှစ်က တွေ့ရစဉ်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အား နေပြည်တော် သမ္မတအိမ်တော်တွင် ၂ဝ၁၈ ခုနှစ်က တွေ့ရစဉ်။ (AFP)

တောင်ငူအကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကို အောက်တိုဘာလကုန်ပိုင်းမှာ ဇနီးဖြစ်သူ ဒေါ်ချိုချိုက လူချင်းတွေ့ခွင့်ရခဲ့ကြောင်း မိသားစုနဲ့ နီးစပ်သူတွေက နိုဝင်ဘာလ ၆ ရက် ဒီနေ့မှာ RFA ကို ပြောပါတယ်။

အကျဉ်းသားတွေနဲ့ မိသားစုဝင်တွေ ထောင်ဝင်စာ လူချင်းတွေ့ဆုံခွင့်ကို စစ်ကောင်စီက ပြန်ပေးပြီးနောက်ပိုင်း အခုလို တွေ့ဆုံခွင့်ရတာပါ။

သမ္မတ ဦးဝင်းမြင့်နဲ့ တွေ့ဆုံခွင့်ရဖို့ စစ်ကောင်စီ အကျဉ်းဦးစီးဌာနက သတ်မှတ်ထားတဲ့ အချက်အလက်တွေ အပြည့်အစုံပေးပြီးနောက်မှာ တွေ့ခွင့်ရတာဖြစ်ပြီး ဦးဝင်းမြင့် ကျန်းမာရေးကောင်းမွန်တယ်လို့လည်း ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်သိနိုင်ဖို့ အကျဉ်းဦးစီးဌာနပြောရေးဆိုခွင့်ရှိသူ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနိုင်ဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ လူချင်းတွေ့ဆုံခွင့်ရဖို့ သူ့ရဲ့ရှေ့နေအဖွဲ့က စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာနကို အောက်တိုဘာလ ၃၁ ရက်နေ့မှာ တရားဝင် စာနဲ့တင်ပြတောင်းဆိုထားပေမယ့် ဒီနေ့ထိ တစ်စုံတစ်ရာ အကြောင်းပြန်လာတာ မရှိသေးဘူးလို့ ရှေ့နေအဖွဲ့နဲ့ နီးစပ်သူတွေက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကင်မ်အဲရစ်ကလည်း မိခင်ဖြစ်သူနဲ့ တွေ့ဆုံခွင့်ရဖို့ ဒီရက်ပိုင်းမှာပဲ ထပ်မံတောင်းဆိုထားပါတယ်။

လက်ရှိမှာ ထောင်ဝင်စာတွေ့ခွင့်ကို သေဒဏ်နဲ့ ထောင်တစ်သက် ကျနေသူတွေက တစ်လတစ်ကြိမ်၊ တခြားအကျဉ်းသားတွေက တစ်လနှစ်ကြိမ်နဲ့ တရားရင်ဆိုင်ဆဲ အချုပ်သားတွေက တစ်ပတ်တစ်ကြိမ် အကျဉ်းဦးစီးဌာနက သတ်မှတ်ထားတဲ့ သတ်မှတ်ချက်တွေနဲ့ညီရင် တွေ့ဆုံခွင့်ရနေတယ်လို့ အကျဉ်းဦးစီးဌာနဲ့ နီးစပ်သူတွေက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ နိုဝင်ဘာလ ၃ ရက်နေ့ထိ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် နိုင်ငံရေးနဲ့ပတ်သက်သူ နှစ်သောင်းနီးပါး (၁၉၆၅၀) ဖမ်းဆီးခံထားရဆဲဖြစ်ပြီး အဲဒီအထဲက ရှစ်ထောင်နီးပါး (၇၉၉၆) ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။