သမ္မတရဲ့ ထိုင်းခရီးစဉ် ဖျက်သိမ်းမှု ဒေါ်အောင်ဆန်းစုကြည်နဲ့ မသက်ဆိုင်

သမ္မတ ဦးသိန်းစိန်ရဲ့ ထိုင်းနိုင်ငံခရီးစဉ် ဖျက်သိမ်းလိုက်တာဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းခရီးစဉ်နဲ့ မပတ်သက်ဘဲ ပြည်တွင်းရေး ကိစ္စတွေကြောင့် ဖြစ်တယ်လို့ မြန်မာ နိုင်ငံခြားရေးဌာနက ပြောဆိုကြောင်း ထိုင်း နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားခဲ့ပါတယ်။

2012.06.05

မနေ့က ထိုင်း နိုင်ငံခြားရေးဌာနမှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထိုင်း နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆူရာပေါင်က သတင်းထောက်တွေကို ရှင်းလင်းပြောဆိုခဲ့ရာမှာ -

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းခရီးစဉ်အပေါ် မြန်မာအစိုးရက အသိအမှတ်ပြုပါတယ်။ ထိုင်းအစိုးရကလည်း မိမိတို့ နိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် ရှိနေစဉ်အတွင်း သွားလာလှုပ်ရှားမှု မှန်သမျှ အချိန်နဲ့တပြေးညီ မြန်မာအစိုးရကို အသိပေးနေခဲ့တာပါ။

ထိုင်းမှာရှိနေစဉ်အတွင်း ထိုင်းနဲ့ မြန်မာ ဆက်ဆံရေး ထိခိုက်စေမယ့် ကိစ္စမှန်သမျှကို ခွင့်ပြုမှာ မဟုတ်ကြောင်း လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတွင်းရေးမှူးက တဆင့် အသိပေးထားခဲ့ပါတယ်။

ဒါကြောင့် စမုတ်စခွန်က မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေဆီ သွားရောက်တာ၊ ထိုင်း ဒုတိယ ဝန်ကြီးချုပ်နဲ့ တွေ့ဆုံတာ၊ တပ်ခရိုင်က မယ်လ ဒုက္ခသည် စခန်းကို သွားရောက်တာ စတဲ့၊ နိုင်ငံရေးနဲ့ မရောယှက်တဲ့ လူသားချင်း စာနာကူညီရေး ကိစ္စတွေကိုသာ ကန့်သတ် ခွင့်ပြုခဲ့ပါတယ်။

ထိုင်းအနေနဲ့ မိမိတို့ တိုင်းပြည်ကို ဘယ်လိုနိုင်ငံရေး လှုပ်ရှားမှုမျိုး အတွက်မှ အသုံးချခံမှာ မဟုတ်ပါဘူး။ ဥပမာအားဖြင့် လူမျိုးစု ခေါင်းဆောင်တွေနဲ့   ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဖို့ကိစ္စကို ထိုင်းအစိုးရက ခွင့်မပြုခဲ့ပါဘူး။

ထိုင်းနိုင်ငံ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံခေါင်းဆောင် အနေမျိုးနဲ့ မဟုတ်ဘဲ၊ ထင်ရှားသူ ပုဂ္ဂိုလ်တစ်ဦး အနေနဲ့ ဆက်ဆံခဲ့တာ ဖြစ်ပါတယ်လို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆူရာပေါင်က ပြောကြားခဲ့တာပါ။

မနေ့ ညနေပိုင်းက ထိုင်း နိုင်ငံခြားရေး ဝန်ကြီးနဲ့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီးတို့ တယ်လီဖုန်းက တဆင့် ပြောဆိုခဲ့ကြရာမှာ - သမ္မတ ဦးသိန်းစိန်ရဲ့ ထိုင်းနိုင်ငံ ခရီးစဉ် ဖျက်သိမ်းလိုက်တာဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မသက်ဆိုင်ကြောင်း၊ ပြည်တွင်းမှာ လျှပ်စစ်မီးကိစ္စ၊ အလုပ်သမား ကိစ္စတွေနဲ့ ပတ်သက်ပြီး ဆန္ဒပြ ပွဲတွေ ပေါ်ပေါက်နေတဲ့အတွက် ဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုခဲ့တယ်လို့ ထိုင်း နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဆူရာပေါင်က အတည်ပြု  ပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။