ICRC အဖွဲ့အကြီးအကဲ မြန်မာသမ္မတ နဲ့ ဆွေးနွေးဖို့ရောက်ရှိ
2013.01.14
နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ICRC အနေနဲ့ မြန်မာနိုင်ငံက အကျဉ်းစခန်းတွေကို လာရောက်ကြည့်ရှုနိုင်ပါကြောင်း သမ္မတ ဦးသိန်းစိန်ရဲ့ရုံးက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ကြေညာခဲ့ပြီးတဲ့နောက် အခုလို ICRC ဥက္ကဌ မစ္စတာ Peter Maurer ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
မစ္စတာ Peter Maurer ဟာ သမ္မတ ဦးသိန်းစိန်အပါအဝင် အစိုးရအဖွဲ့ဝင်တချို့နဲ့ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးမှာဖြစ်ပါတယ်။
ဆွေးနွေးရာမှာ အကျဉ်းထောင်တွေကို သွားရောက်ကြည့်ရှုစစ်ဆေးရေးကိစ္စ အဓိကဖြစ်မယ်လို့ မျှော်လင့်ကြောင်း မစ္စတာ Maurer ကပြောပါတယ်။
ICRC ဥက္ကဌ မစ္စတာ Maurer ဟာ ၆ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အတွင်း ကချင်၊ ကရင်နဲ့ ရခိုင်ပြည်နယ်တွေကို သွားရောက်ပြီး ကူညီထောက်ပံ့ရေးလုပ်ငန်းတွေကို လေ့လာကြည့်ရှုမှာဖြစ်ပါတယ်။
လူသားချင်းစာနာကူညီရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ICRC နဲ့ဆွေးနွေးဖို့ အသင့်ဖြစ်နေပြီလို့ မြန်မာအစိုးရက အခုလို အချက်ပြလိုက်တာဟာ ICRC နဲ့ မြန်မာအာဏာပိုင်တွေကြားဆက်ဆံရေး အရှိန်မြှင့်လိုက်တာဖြစ်သလို၊ တွေ့ဆုံဆွေးနွေးရေးနဲ့ ပတ်သက်ပြီးတော့လည်း ရှေ့ကိုတိုးတက်လျှောက်လှမ်းလိုက်တာဖြစ်ပါ တယ်လို့ ICRC ဥက္ကဌ မစ္စတာ Peter Maurer က ကြေညာချက်ထုတ် ပြန်ပြောဆိုလိုက်ပါတယ်။