နိုင်ငံတကာ ဥပဒေတွေကို လေးစားလိုက်နာဖို့ ကမ္ဘာ့ကြက်ခြေနီညီလာခံ တိုက်တွန်း

RFA Burmese
2024.11.01
နိုင်ငံတကာ ဥပဒေတွေကို လေးစားလိုက်နာဖို့ ကမ္ဘာ့ကြက်ခြေနီညီလာခံ တိုက်တွန်း ဘုတလင်မြို့နယ်က စစ်ဘေးဒုက္ခသည်များအား ၂ဝ၂၄ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့က တွေ့ရစဉ်။
Together for Liberation/ Facebook

 မြန်မာအပါအဝင် ကမ္ဘာတစ်ဝန်းက ပဋိပက္ခပေါင်း ၁၂ဝ ကျော်မှာ အရပ်သားတွေကို အကာအကွယ်ပေးဖို့ ကြိုးပမ်းမှု နည်းပါးနေပြီး လူသားချင်းစာနာထောက်ထားမှု ဥပဒေတွေကို ပိုပြီးလေးစားလိုက်နာကြဖို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနဲ့ လခြမ်းနီအဖွဲ့ ညီလာခံက တိုက်တွန်းလိုက်ပါတယ်။

ကမ္ဘာ့အကြီးဆုံး လူသားချင်းစာနာထောက်ထားမှု ကွန်ရက်နဲ့ နိုင်ငံတကာက ကိုယ်စားလှယ်တွေ ပါဝင်ပြီး လေးနှစ်တစ်ကြိမ် ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနဲ့ လခြမ်းနီအဖွဲ့ ညီလာခံကို လေးရက်ကြာ ကျင်းပခဲ့တာပါ။ အဲဒီညီလာခံမှာ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေကို လေးစားလိုက်နာရေးနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကို သဘောတူ အတည်ပြုခဲ့တယ်လို့လည်း AFP သတင်းမှာ ဖော်ပြပါတယ်။

အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာမှုဆိုင်ရာဥပဒေတွေအပေါ် လေးစားလိုက်နာမှု သိသိသာသာ ကျဆင်းနေတာကြောင့် အခုလိုဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့တာလို့လည်း ဆိုပါတယ်။

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ဥက္ကဋ္ဌ မာဂျာနာ စပိုလ်ဂျာရစ်က … "ကျွန်မတို့ မြင်တွေ့နေရတာက တိုးပွားလာနေတဲ့ ပဋိပက္ခတွေမှာ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေကို အဆက်မပြတ် ချိုးဖောက်နေကြတာပဲ ဖြစ်ပါတယ်" လို့ ပြီးခဲ့တဲ့အပတ်က AFP ကို ပြောခဲ့ပါတယ်။

မြန်မာ၊ အရှေ့အလယ်ပိုင်း၊ ဆူဒန်၊ ယူကရိန်းအပါအဝင် ကမ္ဘာတစ်ဝန်းဖြစ်ပွားနေတဲ့ ပဋိပက္ခတွေမှာ ပြည်သူတွေအပေါ် ကာကွယ်ဖို့ ကြိုးပမ်းမှုနည်းပါးနေတယ်လို့ ဆိုပါတယ်။ စစ်ပွဲဆိုင်ရာဥပဒေတွေမှာ အရပ်သားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးဖို့ ပါဝင်တယ်လို့လည်း သတိပေးထားပါတယ်။ ပဋိပက္ခဖြစ်ပွားနေတဲ့ နိုင်ငံတွေအနေနဲ့ ဒီဥပဒေတွေကို ပိုပြီးလေးစားလိုက်နာဖို့အပြင် ချိုးဖောက်မှုတွေကို အားပေးကူညီတာ မလုပ်ဖို့လည်း တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်နေ့က AFP နဲ့ မေးမြန်းခန်းမှာတော့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနဲ့ လခြမ်းနီအဖွဲ့ အတွင်းရေးမှူးချုပ် Jagan Chapagain က အရှေ့အလယ်ပိုင်း၊ ဆူဒန်၊ ယူကရိန်း၊ မြန်မာနဲ့ တခြားနိုင်ငံတွေမှာ ပဋိပက္ခတွေ ပြင်းထန်လာတာနဲ့အမျှ အကူအညီပေးရေးဝန်ထမ်းတွေ သေဆုံးရသူဦးရေ များလာပြီး ဒီနှစ်ဟာ လူသားချင်းစာနာရေးလုပ်ငန်းမှာ လူအများဆုံးသေဆုံးရတဲ့ နှစ်တစ်နှစ်ဖြစ်တဲ့အတွက် အထူးသဖြင့် ဒီကိစ္စကို စိုးရိမ်ရတယ်လို့ ပြောထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။