ငြိမ်းချမ်းရေး နဲ့ ရွေးကောက်ပွဲကိစ္စ ဆွေးနွေး ဖို့ နိုင်ငံရေးခေါင်းဆောင်တွေကို သမ္မတဖိတ်ကြား
2015.01.08

ဒီလ ၁၂ ရက်နေ့မှာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ၂၀၁၅ ရွေးကောက်ပွဲကိစ္စတွေကို နေပြည်တော် သမ္မတအိမ်တော်မှာ တွေ့ဆုံဆွေးနွေးဖို့ နိုင်ငံရေး ပါတီ ခေါင်းဆောင်တွေကို သမ္မတရုံးက ဒီနေ့ ဖိတ်ကြားလိုက်ပါတယ်။ NLD ခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်လည်း ဖိတ်ကြားခံရပြီး၊ ကိုယ်တိုင် တက်ရောက်မယ်လို့ RFA ကို အတည်ပြုပြောပါတယ်။
ဆွေးနွေးပွဲကိုတက်ရောက်ဖို့ ဖိတ်ကြားခံရတဲ့ ရခိုင်အမျိုးသားပါတီက ဦးအေးသာအောင်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးကို အစိုးရက ဘယ်လိုအကောင် အထည်ဖော်မလဲဆိုတာတွေ မေးမြန်းဆွေးနွေး သွားမယ်လို့ ပြောပါတယ်။
"ကျနော်တို့ဖြစ်စေချင်တာက လက်ရှိမြန်မာနိုင်ငံရေး အကြပ်အတည်း အထူးသဖြင့် ၂ဝဝ၈ ဖွဲ့စည်းပုံ ပြင်ရေးကလည်းပဲ လွှတ်တော်ထဲက ပြင်ဖို့ဆိုတာတောင် မဖြစ်နိုင်တဲ့အနေအထားကို ရောက်သွားတယ်၊ နောက်တစ်ခုက ၂ဝ၁၅ ရွေးကောက်ပွဲ ဟိုဘက်မှာတောင် ပြင်နိုင် ဖို့ဆိုတာ တော်တော်လေး ခက်ခက်ခဲခဲအနေအထားမှာ ရောက်သွားတယ်၊ ဒါကိုဘယ်လိုပြင်ကြမလဲ၊ နောက် တစ်ခုက အပစ်အခတ်ရပ်စဲရေးဆိုရင် ဆွေးနွေးနေတာ ရပ်တန့်သွားတဲ့အနေအထားရှိတယ်၊ ရှင်းရှင်းပြော မယ်ဆိုရင် နောက်ပြန်ဆုတ်သွားတဲ့ အနေအထားတောင်ရှိနေတယ်၊ ဒါကိုရော ဘယ်လိုဆွေးနွေးပြီး ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်စဉ် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့ကိစ္စ အကောင်အထည်ဖော်လာအောင် ဘယ်လိုဆွေးနွေးကြပြီးတော့ ဘယ်လိုတွန်းအားပေးနိုင်မလဲ၊ ဘယ်လောက်အထိ ဆွေးနွေးပြီးတော့ ဘုံသဘောတူညီချက် ဘယ်လိုရမလဲ၊ ဒါကို ဘယ်လိုအကောင်အထည်ဖော်မလဲ၊ ဒါတွေကို ကျနော်တို့ ကပြောချင်တယ်၊ ဆွေးနွေးချင်တယ်"
နိုင်ငံတော်သမ္မတရုံးက ဖိတ်ကြားစာမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဆက်လက်ဖြစ်ထွန်းစေဖို့၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲကတဆင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေ စတင်ကျင်း ပနိုင်ဖို့၊၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကို အောင်မြင်အောင်ကျင်းပနိုင်ဖို့နဲ့ ကျန်ရှိနေသေးတဲ့ အစိုးရသက်တမ်းအတွင်း နိုင်ငံရေးတည်ငြိမ်စေဖို့ ကိစ္စရပ်တွေကို ဆွေးနွေးသွားမှာဖြစ်ကြောင်း ပါရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၃၁ ရက်နေ့က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည်အပြင် နိုင်ငံရေးပါတီခေါင်းဆောင် စုစုပေါင်း ၁၄ ဦးဟာ နေပြည်တော် သမ္မတအိမ်တော်မှာ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ အဲဒီတွေ့ဆုံမှုမှာတော့ ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ ငြိမ်းချမ်းရေးနဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေအတွက် သေသေချာချာဆွေးနွေးခဲ့တာ မရှိခဲ့ဘူးလို့ တက်ရောက်ခဲ့သူတွေ က ဝေဖန်ခဲ့ကြပါတယ်။
အဲဒီဆွေးနွေးပွဲကို တက်ရောက်ဖို့ ဖိတ်ကြားခံရတဲ့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဥက္ကဌ ဦးခင်မောင်ဆွေ ကို RFA သတင်းထောက် မဝေမာထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။