သမ္မတ ဦးသိန်းစိန်ကို ဖင်လန်နိုင်ငံက တွေ့ချင် သူတွေ တွေ့ခွင့်မရ
2013.03.04

သမ္မတ ဦးသိန်းစိန်နဲ့အဖွဲ့ ဖင်လန်နိုင်ငံမှာရှိစဉ် မြန်မာနိင်ငံသား မိသားစုတွေနဲ့ ဖေဖေါ်ဝါရီလ ၂ရက်နေ့က တွေ့ဆုံတယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ပြောဆိုပေမယ့် အမှန်တကယ် တွေ့ဆုံခွင့်တောင်းသူများ တွေ့ခွင့် မရခဲ့ဘူးလို့ မြန်မာမိသားစုတွေက ပြောပါတယ်။
ဖင်လန်နိုင်ငံမှာ အခြေချနေထိုင်တဲ့ မြန်မာနိုင်ငံက အဖွဲ့အစည်းများက ဖင်လန်အာဏာပိုင်တွေထံကို သမ္မတဦးသိန်းစိန်နဲ့ တွေ့ခွင့်ရဖို့ စာရေးသားတောင်းခံပေမယ့် သမ္မတ ဦးသိန်းစိန်အနေနဲ့ အချိန်မရတာကြောင့် တွေ့ခွင့်မပေးကြောင်း အကြောင်းပြန်ကြားချက် ရခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဖင်လန်နိုင်ငံမှာ နေထိုင်သူ ကိုငြိမ်းချမ်းက ပြောပြပါတယ်။
"ကျနော်တို့က နှစ်ပတ်ကြိုပြီးတော့ ခွင့်တောင်းတယ်၊ ဦးသိန်းစိန် အစိုးရအဖွဲ့ကို ကျနော်တို့က တင်ပြဆွေးနွေးစရာတွေရှိပါတယ်၊ ကျနော်တို့က ကြိုပြီးတော့ ခွင့်တောင်းတယ်ခင်ဗျ၊ ဦးသိန်းစိန်အဖွဲ့က အချိန်မရှိဘူးဆိုတာကို ဖင်လန်အစိုးရကို အကြောင်းပြန်ပါတယ်၊ အဲဒါကြောင့်မို့ ကျနော်တို့မှာ တွေ့ဖို့အခြေအနေမရှိဘူးတဲ့၊ အဲလိုပြောတယ်ခင်ဗျ၊ ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးရဲ့ ကိုယ်ရေးအရာရှိ ကိုယ်တိုင်ကနေပြီးတော့ ကျနော်တို့ကို မတ်လပိုင်းထဲမှာ ပြန်ပြီးတော့ ဆက်သွယ်ဖို့လုပ်ပါမယ်ဆိုပြီးတော့ ဝန်ကြီးနဲ့တွေ့ဖို့ အစီအစဉ်တွေလုပ်ပေးမယ်၊ ဦးသိန်းစိန်တို့နဲ့တော့ တွေ့လို့မရဘူးဆိုတာကိုပြောပါတယ်"
ဒါပေမယ့် သမ္မတဦးသိန်းစိန်နဲ့ မြန်မာနိုင်ငံသား ၂၅ဦးခန့်က သမ္မတဦးသိန်းစိန် တည်းခိုတဲ့ အစိုးရဧည့်ဂေဟာမှာ တွေ့ခွင့်ရခဲ့ပါတယ်။ တွေ့ဆုံခွင့်ရခဲ့တဲ့ အဖွဲ့ကိုစီစဉ်ပေးခဲ့သူ ကိုဇော်ဇော်က သမ္မတနဲ့ပါလာတဲ့ ရုပ်မြင်သံကြားအဖွဲ့က အဆက်အသွယ်လုပ်လာတာကြောင့်လို့ ပြောပါတယ်။
ဖင်လန်နိုင်ငံမှာ အခြေချနေထိုင်သူ မြန်မာနိုင်ငံသား တထောင်ကျော်ရှိတယ်လို့ စုံစမ်းသိရှိရပါတယ်။ ဥပရောပ ၅နိုင်ငံ ခရီးလှည့်လည်နေတဲ့ သမ္မတ ဦးသိန်းစိန်နဲ့ အဖွဲ့ဟာ ဖေဖေါ်ဝါရီလ ၃ရက်နေ့ မနက်ပိုင်းက ဖင်လန်နိင်ငံကတဆင့် သြစတီးတြီးယားနိုင်ငံကို ရောက်ရှိသွားပြီလို့ သိရပါတယ်။