သမ္မတ ဦးသိန်းစိန် ဇန်နဝါရီ ၂၈ ရက် လွှတ်တော်မှာ မိန့်ခွန်းပြောမည်
2016.01.27

မနက်ဖြန် ကျင်းပမယ့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်ပြီး မိန့်ခွန်းပြောကြားမယ်လို့ သိရပါတယ်။
ပြည်ထောင်စု လွှတ်တော်အစည်းအဝေးကို မနက် ၁၀ နာရီမှာ စတင်ကျင်းပမှာဖြစ်ပြီး ၅နှစ်တာကာလအတွင်း ပြည်ထောင်စုအစိုးရရဲ့ ဆောင်ရွက်ချက်တွေကို နိုင်ငံတော်သမ္မတက ပြောမှာဖြစ်တယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောပါတယ်။
"မနက်ဖြန် မနက် ၁ဝ နာရီမှာ နာယကကြီးထံကို သမ္မတကြီးကနေ ငါးနှစ်တာကာလရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး လွှတ်တော်မှာ လာရောက်ရှင်းပြချင်ပါတယ်၊ လွှတ်တော်မှာကလည်း ဆောင်ရွက်စရာကိစ္စတွေ အများကြီးကျန်တယ်၊ ဒီလွှတ်တော်အနေနဲ့ ၂ဝ၁၅ ဇွန်လနောက်ဆုံး အစိုးရဝန်ကြီးဌာနများထံမှ ဥပဒေများ ကို နောက်ဆုံးပေးပါလို့ပြောရင်းနဲ့ ဥပဒေက အခုအချိန်အထိ ဝင်လာမစဲ တသဲသဲဖြစ်နေတယ်၊ ၂၉ ရက်နေ့ က နောက်ဆုံးဖြစ်တဲ့အတွက် သမ္မတကြီး မိန့်ခွန်းပြောမှာကို ဦးစားပေးတဲ့အနေနဲ့ ထည့်ပေးလိုက်ပါတယ်၊ အဲ့ဒါပြီးမှ လွှတ်တော်ဆက်စည်းဝေးမှာဖြစ်တယ်၊ လွှတ်တော်ရဲ့ အချိန်ကာလကို မူတည်ပြီးလုပ်ရတာဖြစ်တဲ့ အတွက် လွှတ်တော်လုပ်ငန်းတွေကိုတော့ ရောက်တဲ့နေရာမှာ ရပ်လိုက်မယ့်သဘောရှိပါတယ်၊ နောက်လာမယ့် လွှတ်တော်အသစ်နဲ့ လွှတ်တော်ကိုယ်စားလှယ်များက ဆက်လုပ်ရမယ့်သဘောရှိပါတယ်"
မနက်ဖြန် လွှတ်တော်အစည်းအဝေးကို လွှတ်တော်ကိုယ်စားလှယ်ဟောင်းတွေနဲ့ လွှတ်တော်ကိုယ်စားလှယ်သစ်တွေ တက်ရောက်ကြမှာဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်အသစ်တွေဟာ ဒီနေ့ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော်တွေမှာ လျှို့ဝှက်မဲပေးစနစ်၊ လွှတ်တော်တက်ရောက်ပုံ၊ လွှတ်တော်ကျင်းပနေစဉ် လိုက်နာဆောင်ရွက်ရမယ့် စည်းကမ်းတွေနဲ့ ကိုယ်စားလှယ်တွေ လွှတ်တော်တွင်း ဆောင်ရွက်ပုံတွေကို လေ့လာခဲ့ပါတယ်။
RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။