၅နှစ်အတွင်း အမျိုးသားနိုင်ငံရေး လုပ်ငန်းစဉ်ကို အုတ်မြစ်ချပေး ခဲ့ကြောင်း သမ္မတပြော
2016.01.28

ပြီးခဲ့တဲ့ ၅ နှစ် အစိုးရသက်တမ်းအတွင်း နိုင်ငံရေး စီးပွားရေး လူမှုရေး အခြေခံကောင်းတွေ တည်ဆောက်ပေးနိုင် ခဲ့တာဟာ ဒုတိယအကြိမ် သမ္မတဖြစ်ရေးနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးုရေးပါတီ အနိုင်ရရေးအတွက် လုပ်ဆောင်ခဲ့တာ မဟုတ်ဘဲ အဲ့ဒီထက် ပိုမိုကျယ်ပြန့်တဲ့ အမျိုးသားနိုင်ငံရေး လုပ်ငန်းစဉ်ကို ထမ်းဆောင်ခဲ့တာဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောလိုက်ပါတယ်။
အစိုးရ ၅ နှစ်သက်တမ်းအတွင်း အောင်မြင်မှုတွေနဲ့ စိန်ခေါ်မှုတွေကို ပြည်ထောင်စုလွှတ်တော်မှာ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဒီကနေ့ ရှင်းလင်းတင်ပြစဉ်မှာ အဲ့ဒီလို ထည့်သွင်းပြောကြားလိုက်တာ ဖြစ်ပါတယ်။
"၂ဝ၁၅ ရွေးကောက်ပွဲကနေ ဘယ်ပါတီပဲနိုင်နိုင် ဒီမိုကရေစီ အစခရီးဖြစ်တဲ့ ၂ဝ၁ဝ ပြည့်နှစ်မှာ ရှိနေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေတွေထက် ပိုမိုကောင်းမွန်တဲ့အခြေအနေတစ်ရပ်ကို ရရှိစေဖို့အတွက် အခြေခံကောင်းများအား တည်ဆောက်ပေးခဲ့ခြင်းပဲဖြစ်ပါတယ်၊ ဒါဟာ ကျနော်အနေနဲ့ သမ္မတအဖြစ် ဒုတိယအကြိမ် ပြန်လည်ထမ်းဆောင်ခွင့်ရရှိရေး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ထပ်မံ အနိုင်ရရှိရေးထက် ပိုမိုကျယ်ပြန့်မြင့်မားတဲ့ ရည်မှန်းချက်လည်းဖြစ်ပါတယ်၊ ဘာပုဂ္ဂိုလ်တစ်ဦး တစ်ယောက်၊ အဖွဲ့အစည်းတစ်ခု အကျိုးစီးပွားထက် ပိုမိုမြင့်မားတဲ့ အမျိုးသားနိုင်ငံရေး ရည်မှန်းချက်လည်းဖြစ်ပါတယ်၊ ဒါဟာမြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ခိုင်မာဖို့အတွက် အဓိကကျတဲ့ ရည်မှန်းချက်လည်းဖြစ်ပါတယ်"
စိန်ခေါ်မှုတွေ၊ အားနည်းချက်တွေ၊ ထိပ်တိုက်ရင်ဆိုင်မှုတွေ ရှိခဲ့ပေမယ့် မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး နောက်ကြောင်းပြန်မသွားစေဖို့နဲ့ ရပ်တန့်မသွားစေဖို့ ပုဂ္ဂိုလ်ရေးအရ နာကျင်ထိခိုက်မှုတွေ ကို မေ့ပျောက်ပြီး နိုင်ငံအတွက် စိတ်ရှည်သီးခံံပြီး ဆောင်ရွက်ခဲ့ကြောင်းလည်း နိုင်ငံတော်သမ္မတက ပြောပါတယ်။
ဒီကနေ့ မြန်မာ့နိုင်ငံရေးအဆင့်ဟာ မတူညီတဲ့ နိုင်ငံရေးအင်အားစုတွေ ပိုမိုပါဝင်လာပြီး မတူကဲွဲပြားတဲ့ သဘောထားတွေကို စေ့စပ်ဆွေးနွေးအဖြေရှာခြင်းဆိုတဲ့ အဆင့်ကို ရောက်ရှိနေပြီဖြစ်ကြောင်း ပြည်သူတွေကြား မှာလည်း ဒီမိုကရေစီကျင့်စဉ် ပိုရင့်ကျက်လာပြီဆိုတာကို ငြင်းလို့မရကြောင်းလည်း သမ္မတဦးသိန်းစိန် က ပြောပါတယ်။
ရွေးကောက်တင်မြောက်ခြင်း မခံရတော့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့လည်း တိုင်းပြည်အကျိုးအတွက် လွှတ်တော်ပြင်ပကနေ လာမယ့်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ကိုလည်း တိုက်တွန်းပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ ၅ နှစ်အစိုးရသက်တမ်းအတွင်း အကျင့်ပျက်ချစားမှုတွေကို တိုက်ဖျက်နိုင်ဖို့ ကြိုးပမ်းခဲ့ကြောင်း ဒါပေမယ့် ကာလကြာရှည် သံချေးတက်နေတဲ့ အလေ့အကျင့်တွေကို ပြုပြင်တဲ့နေရာမှာ ဖြစ်ချင်သလို မဖြစ်ခဲ့ရကြောင်း လည်း ပြောပါတယ်။
ဒီကနေ့ ပြည်ထောင်စုလွှတ်တော်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း တက်ရောက်ခဲ့သလို နေပြည်တော်မှာ ရောက်ရှိနေတဲ့ လွှတ်တော်ကိုယ်စားလှယ်အသစ်တွေလည်း တက်ရောက်ခဲ့ပါတယ်။ လက်ရှိအစိုးရသက်တမ်းဟာ မတ်လ ၃၁ ရက်နေ့မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။
သမ္မတဦးသိန်းစိန်ရဲ့ ပြောကြားချက်တွေကို RFA သတင်းထောက် မသီရိမင်းဇင် ကောက်နှုတ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။