သမ္မတရာထူး သတ်မှတ်ချက် အာဏာသုံးပြီးပြင်လို့မရဟု ဦးသိန်းစိန်ပြောကြား
2013.06.09
မြန်မာသမ္မတ ရာထူးအတွက် သတ်မှတ်ထားတဲ့ အခြေခံဥပဒေပါ ပြဌာန်းချက်တွေကို ပြင်ဆင်နိုင်အောင် မိမိရဲ့သြဇာအာဏာကို အသုံးပြုပေးဖို့ မဖြစ်နိုင်ဘူးလို့ သမ္မတ ဦးသိန်းစိန်က ပြောကြားလိုက်ကြောင်း သိရပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က သူ့အနေနဲ့လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ သမ္မတတာဝန် ထမ်းဆောင်ချင်တဲ့အတွက် လက်ရှိအခြေခံဥပဒေပါ ပြဌာန်းချက်ကို ပြင်ဖို့လိုတယ်လို့ ပြီးခဲ့တဲ့ရက်က ထပ်မံပြောဆိုလိုက်တဲ့အတွက် သြစတြေးလျနိုင်ငံအခြေစိုက် ABC ရုပ်သံဌာနနဲ့ သီခြားတွေ့ဆုံမေးမြန်းရာမှာ သမ္မတ ဦးသိန်းစိန်က ခုလိုပြောလိုက်တာပါ။
အခြေခံဥပဒေကို ပြည်သူအများစုရဲ့ထောက်ခံမှုနဲ့ အတည်ပြုခဲ့တာဖြစ်တဲ့အတွက် ပြည်သူတွေကလဲပြင်ဖို့ သဘောတူဖို့လိုမယ်၊ လွှတ်တော်ကလဲ အတည်ပြုဖို့လိုမယ်၊ လွှတ်တော်ရဲ့ဆောင်ရွက်ချက်အပေါ်မှာ သူ့အနေနဲ့ဝင်ရောက် ပြောဆိုပိုင်ခွင့်မရှိဘူးလို့လဲ သမ္မတဦးသိန်းစိန်က ပြောသွားပါတယ်။
အခြေခံဥပဒေပါ ပြဌာန်းချက်တွေကို ပြင်မယ်ဆိုရင် လွှတ်တော်အမတ်ဦးရေ ၇၅ ရာခိုင်နှှုန်းကျော်ရဲ့ သဘောတူညီမှုရဖို့ လိုအပ်သလို၊ အဲဒီသဘောတူညီချက်ကို လူထုဆန္ဒခံယူပွဲနဲ့မှ ပြင်ဆင်နိုင်မယ်လို့ ပြဌာန်းထားပါတယ်။