တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် မကြာခင်ချုပ်ဆို နိုင်တော့မယ်လို့ သမ္မတ ဦးသိန်းစိန်ပြောကြား


2014.05.01
utheinsein-305 နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ပုံ
photo: President Office Website

မကြာတော့မယ့်အချိန်မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်ခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုနိုင်တော့မှာဖြစ်ကြောင်း ဒီနေ့ မနက်ပိုင်းက ရေဒီယိုကနေတဆင့် လစဉ်ပြော ကြားတဲ့ နိုင်ငံတော်သမ္မတမိန့်ခွန်းမှာ သမ္မတ ဦးသိန်းစိန် က ပြောကြားခဲ့ပါတယ်။

မိန့်ခွန်းထဲမှာ သမ္မတ ဦးသိန်းစိန်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံရေးအဆင့်ဆွေးနွေး ပွဲတွေ ကျင်းပဆွေးနွေးဖို့ အစိုးရက ပြင်ဆင်နေကြောင်း အခုလိုပြောကြားလိုက်တာပါ။

"နှစ်ဘက်ကိုယ်စားလှယ်များ ဆွေးနွေးညှိနှိုင်းခြင်းနှင့် အသေးစိတ်လုပ်ငန်းများမှ ပေါ်ထွက်လာတဲ့ ရလာဒ်ကောင်းတစ်ခုဖြစ်ပြီး ငြိမ်းချမ်းရေးဖြစ်စဉ် အဆင့်တစ်ဆင့်တက်ခြင်းလို့ ရှုမြင်ကြရမှာဖြစ်ပါတယ်၊ ဒီရလာဒ်များကို အခြေခံပြီး များမကြာမီကာလမှာ တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး စာချုပ်ကို ချုပ်ဆိုရမှာဖြစ်ပြီး တိုင်းရင်းသားများကို ကျနော်ကတိပြု ပြောကြားထားတဲ့အတိုင်း လက်နက်ကိုင် ပဋိပက္ခများကို နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးအဖြေရှာနိုင်တော့မှာဖြစ်ပါတယ်၊ နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပပြုလုပ်နိုင်ဖို့ လိုအပ်တဲ့ပြင်ဆင်မှုများကို ဆောင်ရွက်လျှက်ရှိကြောင်း ပြောကြားလိုပါတယ်"

ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့ကနေ ၈ ရက်နေ့အထိ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်မူကြမ်းတစ်ခု ရရှိရေးအတွက် အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားပြုတဲ့အဖွဲ့က နှစ်ဘက်ကိုယ်စားလှယ်တွေ အကျေအလည်ဆွေးနွေးနိုင်ခဲ့ကြောင်း သမ္မတဦးသိန်းစိန်က မိန့်ခွန်းထဲမှာ ပြောကြားပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေးဖို့အတွက် အစိုးရ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ အရပ်ဘက်လူမှု အဖွဲ့အစည်းတွေနဲ့အတူ အရေးပေါ် ပေါင်းစပ်ညှိုနှိုင်းရေးအဖွဲ့ ဖွဲ့စည်းထားပြီး အဲ့ဒီအဖွဲ့ ဟာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း လုပ်ဆောင်နေတယ်လို့ သမ္မတ ဦးသိန်းစိန်က မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။