ယာယီအပစ်ရပ်မယ်လို့ KIO ကြေညာ
2025.04.02

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)က ဧပြီလ ၂ ရက်ကနေ ၂၂ ရက်နေ့အထိ သုံးပတ်ကြာ အပစ်ရပ်မယ်လို့ ဧပြီလ ၂ ရက်နေ့ညက ကြေညာပါတယ်။
ဒီကာလမှာ ကိုယ့်ကိုယ်ကို ခုခံကာကွယ်တာကလွဲပြီး ထိုးစစ်တွေအားလုံးရပ်တန့်ထားမယ်လို့ ဆိုပါတယ်။
KIO လက်အောက်ခံ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)ဟာ ကချင်ပြည်နယ်အတွင်း စစ်ကောင်စီ တပ်စခန်းတွေနဲ့ တပ်ဌာနချုပ်တွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာပါ။
ငလျင်ဘေးသင့်ဒေသတွေမှာ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ အာရုံစိုက်လုပ်ဆောင်နိုင်ဖို့ စစ်ကောင်စီတပ်ကလည်း ဧပြီလ၂ရက်ကနေ ၂၂ ရက်အထိ အပစ်ရပ်ကြေညာထားပါတယ်။
ဒီကာလအတွင်း လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ပြည်သူအသုံးပြုနေတဲ့ ဆက်သွယ်ရေးလမ်းကြောင်းတွေကို တိုက်ခိုက်တာ၊ စစ်ကောင်စီစခန်းတွေနဲ့ ဌာနချုပ်တွေကို တိုက်ခိုက်တာ၊ တပ်သားသစ်စုဆောင်း တာနဲ့ နယ်မြေချဲ့ထွင်တာတွေ မလုပ်ဖို့ ၊ အဲ့ဒီလိုလုပ်ရင် တုန့်ပြန်ဆောင်ရွက်မယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဲ့ဒီအပစ်ရပ်ကြေညာချက်မှာပါတဲ့ အချက်တွေကို စစ်ကောင်စီကိုယ်တိုင် လိုက်နာဖို့လည်း လိုအပ်တယ်လို့ KIO ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အာရက္ခတပ်တော်(AA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA)နဲ့ ကိုးကန့်လို့လူ သိများတဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)တို့ကလည်း ဧပြီလ ၁ ရက် ကနေ ၃၀ ရက်အထိ အပစ်အခတ်ရပ်စဲတယ်လို့ ကြေညာထားပါတယ်။
ငလျင်ဘေးသင့် ဒေသတွေမှာ ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နိုင်ဖို့ ၊ အကူအညီလိုအပ်နေတဲ့ ပြည်သူတွေဆီ လူသားချင်းစာနာမှု အကူအညီတွေ အမြန်ဆုံး ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။