ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရေး ခေါင်းဆောင်များပြင်ဆင်
2010.10.25

နိုဝင်ဘာ ၇ ရက်မှာ ကျင်းပမဲ့ ရွေးကောက်ပွဲဟာ မြန်မာ့ နိုင်ငံရေးပြဿနာအတွက် အဖြေမဟုတ်တဲ့အတွက် ပြည်ထောင်စု မြန်မာနိုင်ငံတော် မပြိုကွဲရအောင် တိုင်းရင်းသား ခေါင်းဆောင်တွေ ဝိုင်းဝန်း ကြိုးပမ်းကြဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ကြောင်း ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်က ဦးထောင်ခိုထန်းက ပြောပါတယ်။
“ကနေ့ထက်ထိ ကြည့်မယ်ဆိုရင် မြန်မာပြည်ဟာ ငြိမ်းချမ်းရေး အဆင်ပြေသလား၊ ပြေလည်မှု ရှိသလား၊ ဘာမှ မပြေလည်ဘူး။ ၂၀၀၈ ဖွဲ့စည်းပုံလည်း မပြေလည်ဘူး၊ နယ်စပ်ဒေသတွေမှာ ရှိတဲ့ တိုင်းရင်းသားတွေလည်း ငြိမ်းချမ်းရေး မရသေးဘူး။ ဒါကြောင့်မို့ မြန်မာပြည်ရဲ့ အနာဂတ်ဟာ အင်မတန်မှ ဖရိုဖရဲဖြစ်တော့ ကစင့်ကလျား ပြိုကွဲသွားမဲ့ အနေအထားကို တကယ်တွေ့ရတယ်။ အဲဒါကြောင့်မို့ ကဲ ကျွန်တော်တို့ ဒီ ၂၀၁၀ ရွေးကောက်ပွဲဟာလည်း မြန်မာပြည်ရဲ့ နိုင်ငံရေး ပြေလည်အောင် ဖြေရှင်းမှာ မဟုတ်ဖူး။ လူမျိုးစု အသီးသီးမှာ တော်လှန်ရေးတိုက်ပွဲ ဆင်နွှဲတဲ့ လူတွေလည်း အကုန်လုံး ကျေနပ်အောင် တခုခုတော့ ပြန်လည်ဆန်းစစ်ပြီးတော့ ပြန်လုပ်မှ ရမယ် ဆိုတဲ့ဟာကို ကျွန်တော်တို့ တိုင်းရင်းသား ခေါင်းဆောင်တွေက အဲဒါ စဉ်းစားထားတယ်။”
ဒီအခမ်းအနားမှာ ထုတ်ပြန်လိုက်တဲ့ ကလေးမြို့ ဆုံးဖြတ်ချက် ကြေညာစာတမ်းမှာ ဒီမိုကရေစီနဲ့ လူမျိုးတိုင်း တန်းတူ အခွင့်အရေးကို အခြေခံတဲ့ ဖယ်ဒရယ် ပြည်ထောင်စုစနစ် တည်ဆောက်ဖို့အတွက် ဒုတိယပင်လုံညီလာခံ ခေါ်ယူ ကျင်းပသွားမယ်လို့ ဖော်ပြထားပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ကျင်းပတဲ့ ၂၀၁၀ ရွေးကောက်ပွဲကနေ စစ်မှန်တဲ့ ပြုပြင် ပြောင်းလဲရေးတွေ ဖြစ်လာမှာ မဟုတ်ဘူးလို့ ရေးသားထားပါတယ်။
ဒါ့အပြင် အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးရေး အခန်းကဏ္ဍမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုကိုတိုင်းရင်းသားနဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေက တညီတညွတ်တည်း ထောက်ခံထားတယ် ဆိုတာကိုလည်း ကြေညာစာတမ်းမှာ ဖော်ပြထားပါတယ်။
ဆုံးဖြတ်ချက် ကြေညာစာတမ်းကို လက်မှတ်ရေးထိုးသူတွေထဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေ ဖြစ်တဲ့ ဦးတင်ဦး၊ ဦးဝင်းတင်၊ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေ ဖြစ်တဲ့ နိုင်ငွေသိန်း၊ နိုင်ထွန်းသိန်း၊ ကရင်အမျိုးသားကွန်ဂရက်က စောဟာရီ၊ ဝါရင့် နိုင်ငံရေးသမားကြီးတွေ ဖြစ်တဲ့ သခင်သိန်းမောင်၊ ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်က ဦးထောင်ခိုထန်းစတဲ့ ထင်ရှားတဲ့ ခေါင်းဆောင်တွေ ပါဝင်ကြပါတယ်။
ဇိုမီးအမျိုးသားကွန်ဂရက်ရဲ့အခမ်းအနားမှာ နှစ်စဉ်ချီးမြှင့်နေကျ အမျိုးသား ပြန်လည်သင့်မြတ်ရေး သူရဲကောင်းဆုကို ဒီနှစ်အတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းတင်ကို ပေးအပ်ခဲ့ပါတယ်။