သထုံမြို့နယ်မှာ လက်နက်ကြီးကြောင့် ကိုယ်ဝန်ဆောင်တစ်ဦး သေဆုံး

RFA Burmese
2023.12.21
သထုံမြို့နယ်မှာ လက်နက်ကြီးကြောင့် ကိုယ်ဝန်ဆောင်တစ်ဦး သေဆုံး လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့သည့် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကျုံမှိန်ရွာရှိ နေအိမ်တစ်လုံးကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကျုံမှိန်ရွာထဲကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာ ကြောင့် အသက် သုံးဆယ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ဒီဇင်ဘာလ ၂၁ ရက်မှာ ပြောပါတယ်။

ဒီဇင်ဘာလ ၁၉ ရက်ညပိုင်းမှာ လက်နက်ကြီးကျည်တွေ ကျရောက်ခဲ့တာဖြစ်ပြီး သေဆုံးသူ ကိုယ်ဝန်ဆောင်အမျိုးသမီး နော်ဖောတမောမှာ သုံးနှစ်အရွယ် ကလေးတစ်ဦးလည်း ကျန်ရစ်တယ်လို့ သထုံဒေသခံတစ်ဦးက ပြောပါတယ်။

“ကိုယ်ဝန် ခြောက်လဝန်းကျင် ရှိနေပြီ။ အသက် သုံးနှစ်အရွယ် သားလေးတစ်ယောက် လည်း ရှိတယ်။ လက်နက်ကြီးပစ်ခတ်တာက ၁၉ ရက် ညပိုင်းကပါ။ သူကတော့ ပွဲချင်းပြီး သေဆုံးသွားပါတယ်”

လက်နက်ကြီးပစ်ခတ်မှုကို မွန်ပြည်နယ်၊ သထုံမြို့အခြေစိုက် အမှတ်(၂၄) ခြေမြန်တပ်ရင်း နဲ့ အမှတ်(၄၀၂) အမြောက်တပ်ကနေ လက်နက်ကြီး အလုံး လေးဆယ်ထက်မနည်း ပစ်ခတ်ချိန် ရပ်ရွာတွေထဲအထိ ကျရောက်ပေါက်ကွဲခဲ့တာလို့ သထုံဒေသခံတွေက ပြောပါတယ်။

အဲဒီနေ့က ကျုံမှိန်ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာမရှိသလို ပြည်သူတွေနေထိုင်တဲ့ ရပ်ရွာတွေထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်မှု ဘယ်တုန်းကမှ မလုပ်ခဲ့ဘူးလို့ စစ်ကောင်စီပိုင်မီဒီယာတွေမှာ ဒီနေ့ ဖော်ပြပါတယ်။

စစ်ကောင်စီရဲ့ မွန်ပြည်နယ်ပြောခွင့်ရသူ ပြည်နယ်သယံဇာတဝန်ကြီး ဒေါက်တာ အောင်မြတ်ကျော်စိန်ကလည်း ဒီကိစ္စဟာ သတင်းစာတွေမှာ ထုတ်ပြန်ထားတဲ့အတိုင်း သတင်းအမှားသာဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

ဒီဇင်ဘာလ ၇ ရက်နေ့ကတော့ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးနဲ့ကျည်တွေ သထုံမြို့နယ် အောင်ပန်းကုန်းရွာအနီး ကျရောက်ပေါက်ကွဲလို့ အသက် ၄၆ နှစ်အရွယ် အမျိုးသားတစ်ဦးသေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ထားပါတယ်။

RFA က ပြုစုထားတဲ့စာရင်းအရ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလကနေ နိုဝင်ဘာလအထိ (၁၁) လအတွင်း အရပ်သား ၇၃၀ ဦး သေဆုံးခဲ့ပြီး တစ်ထောင့်သုံးရာနီးပါး (၁၂၉၂ ဦး) ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။