မကွေးကိုယ်စားလှယ်လောင်းတွေ အကြောင်း စရဖနဲ့ အထူးသတင်း တပ်ဖွဲ့ စုံစမ်းနေ
2014.06.27

လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ မကွေးတိုင်းဒေသကြီးအတွင်း လစ်လပ်နေတဲ့ မဲဆန္ဒနယ် ၂ နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းစာရင်းတွေကို စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့နဲ့ အထူးသတင်းတပ်ဖွဲ့က လိုက်လံ စုံစမ်းနေကြောင်း နိုင်ငံရေးပါတီတွေက ဒီကနေ့ ပြော ကြားပါတယ်။
မကွေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် ဥက္ကဌနဲ့ မကွေးတိုင်းအတွင်းက နိုင်ငံရေးပါတီတွေ ဒီနေ့ တွေ့ဆုံ စဉ် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက တင်ပြခဲ့တာဖြစ်ကြောင်း တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မကွေးတိုင်း အတွင်းရေးမှူး ဦးနေမျိုးကျော်က ပြောပါတယ်။
"တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ ကတော့ ထောက်လှမ်းရေးက တချို့ပါတီတွေကို ဘယ်ကိုယ်စားလှယ်တွေ ဝင်ပြိုင်မလဲဆိုတာကို စရဖနဲ့ SP တို့က မေးမြန်းနေတာနဲ့ ပတ်သက်ပြီးတော့ ဒါတွေကို ကော်မရှင်ကတဲ့ ပါတီတွေကို ထိန်းကျောင်းရုံတင်မကပဲနဲ့ ဒီလိုမျိုးဥပဒေပြင်ပကနေ မေးမြန်းမှုတွေကို လည်း တားမြစ်ပေးဖို့ တာဝန်ရှိတယ်လို့ အဲလိုပြောတာကို တိုင်းကော်မရှင်က ပြန်ပြောတာကတော့ ဒါတွေကို ပါတီတွေက ကိုယ်ပေးချင်ပေးနိုင်တယ်၊ မပေးချင်လည်း မပေးပဲနေနိုင်တယ်၊ မိမိပါတီရဲ့ ဆုံးဖြတ်ချက်နဲ့သာလျှင် ဆိုင်တယ်လို့ တိုင်းကော်မရှင်ဥက္ကဌက ပြန်ဖြေတယ်"
လာမယ့် ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေမှာ နိုင်ငံရေးပါတီတွေအနေနဲ့ မဲဆန္ဒရှင်တွေကို အသိပညာပေးတဲ့ လုပ်ငန်းတွေဆောင်ရွက်ဖို့၊ တည်ဆဲရွေးကောက်ပွဲ ဥပဒေတွေကို လိုက်နာကြဖို့ မကွေးတိုင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဌက နိုင်ငံရေးပါတီတွေကို ခေါ်ယူအသိပေးတာဖြစ်တယ်လို့ သိရပါတယ်။
တွေ့ဆုံပွဲကို မကွေးတိုင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးကြည်စိန်နဲ့ အဖွဲ့ဝင်တွေ၊ တိုင်းအတွင်းမှာရှိတဲ့ အမျိုးသားဒီမိုကရေစီအဖဲ့ွချုပ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီ အင်အားစု၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ စတဲ့ပါတီတွေက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။
မကွေးတိုင်းဒေသကြီးက ကမ္မနဲ့ ရေနံချောင်းမြို့နယ်တွေမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂ နေရာ လစ်လပ်နေပါတယ်။