PR စနစ်ဆွေးနွေးမှုအပေါ် ကန့်ကွက်ဆန္ဒပြမည်
2014.07.31

အချိုးကျ ကိုယ်စားပြုစနစ် ခေါ် PR ကို ကျင့်သုံး ဖို့ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးခဲ့တာကို ကန့်ကွက် တဲ့အနေနဲ့ လာမယ့် သြဂုတ်လ ၅ ရက်နေ့ မြို့တော် ခန်းမရှေ့မှာ ဆန္ဒပြသွားမယ်လို့ ပြည်သူ့လှုပ်ရှား မှု မြှင့်တင်ရေးကွန်ရက်က ဒီနေ့ ပြောပါတယ်။
ဒီနေ့ ရန်ကုန်မြို့ မြန်မာဂျာနယ်လစ်ကွန်ရက်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်သူ့လှုပ်ရှားမှု မြှင့်တင်ရေး ကွန်ရက်က ဦးကြည်လင်းက အခုလို ပြောပါတယ်။
"ဒီမိုကရေစီ ပတ်ဝန်းကျင်မရှိသလို ဒီမိုကရေစီ ယဉ်ကျေးမှုလည်း မထွန်းကားသေးဘူး၊ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေလည်း မပြင်ဆင်နိုင်သေးဘူး၊ ဒီလိုအခြေအနေမျိုးမှာ ပီအာစနစ်ကို တင်သွင်းလာ တယ်ဆိုရင် တိုင်းပြည်မှာ မရိုးသားတဲ့လုပ်ကြံမှု တစ်ခုလို့ ကျနော်တို့ကမြင်ပါတယ်၊ ဒါကြောင့်မို့ သြဂုတ် ၅ ရက်နေ့မှာ ဆန္ဒပြပွဲကို အင်အားစု အားလုံးနဲ့ ပေါင်းစပ်ပြီး ဆောင်ရွက်သွားပါမယ်"
လာမယ့်သြဂုတ်လ ၅ ရက်နေ့မှာ မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြဖို့ ကျောက်တံတားမြို့နယ် ရဲစခန်းကို အကြောင်းကြားထားတယ်လို့ သိရပါတယ်။
ပြည်သူ့လှုပ်ရှားမူ မြှင့်တင်ရေးကွန်ရက်မှာ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေ ပါဝင်ကြပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ပြည်သူ့လွှတ်တော်မှာ တိုင်းဒေသကြီးတွေ ကိုယ်စားလှယ်တွေ ရွေးချယ်တဲ့အခါ ပီအာ ခေါ် အချိုးကျ ကိုယ်စားပြုစနစ်ကို ကျင့်သုံးဖို့အတွက် ဆွေးနွေးခဲ့ကြပါတယ်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက မြန်မာနိုင်ငံနဲ့ သင့်တော်တဲ့ ရွေးကောက်ပွဲစနစ်ကို လေ့လာဖို့ ဆိုပြီး ကော်မရှင် ဖွဲ့စည်းခဲ့ပါတယ်။