ဘိန်းခင်းဖျက်သူတွေ တိုက်ခိုက်ခံရတဲ့အတွက် ဒဏ်ရာရသူ ၃၀ လောက်ရှိ


2016.02.25
anti-drug-activists-injure-620.jpg ကချင်ပြည်နယ် မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီးကို ရောက်ရှိလာတဲ့ ထိခိုက်ဒဏ်ရာရသူတစ်ဦးကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့ က တွေ့ရစဉ်
Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံးနဲ့ ကန်ပိုက်တီ ဒေသဘက်က ဘိန်းခင်းတွေကို သွားရောက်ဖျက်ဆီးနေတဲ့ အစိုးရနဲ့ ကချင်လူမှုအခြေပြု ဘိန်းခင်းတိုက်ဖျက်ရေး ပူးပေါင်းအဖွဲ့ဟာ အမည်မသိတဲ့ ဒေသခံလက်နက်ကိုင် အဖွဲ့တွေရဲ့ တိုက်ခိုက်မှုကို ဒီကနေ့ နှစ်ကြိမ်ခံခဲ့ရပြီး လူ ၃၀ ကျော် ထိခိုက်ဒါဏ်ရာရရှိခဲ့ပါတယ်။

ဒီကနေ့ ညနေပိုင်း လေးနာရီကျော်အထိ မြစ်ကြီးနား ပြည်သူ့ဆေးရုံကြီးကို ရောက်ရှိလာတဲ့ ဒဏ်ရာရသူ ၂၉ ယောက်ရှိပြီလို့ မြစ်ကြီးနား ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ အောင်ငွေစံက ပြောပါတယ်။

"လူနာကတော့ လောလောဆယ်မှာ ၂၉ ဦး ရောက်နေပြီ၊ ခွဲစိတ်ကုသဆောင်မှာ ၁၁ ဦး အရိုးနဲ့ထိခိုက် ဒဏ်ရာ ကုသဆောင်မှာ ၁၈ ဦးပေါ့နော်၊ လူနာတွေ နောက်ထပ်ရောက်လာရင်တော့ အချိန်နဲ့ တပြေးညီ အရေအတွက်ပြောင်းလဲမှာပေါ့နော်၊ လူနာတစ်ယောက်ကတော့ ဗိုက်မှာထိမှန်တယ်၊ တစ်ယောက်ကတော့ ပုခုံးမှာထိမှန်တာရှိတယ်၊ ဒီဒဏ်ရာက စိုးရိမ်ရလား မစိုးရိမ်ရဘူးလားဆိုတာ ဓါတ်မှန်ရိုက်တဲ့ဟာတွေနဲ့ လုပ်နေရတယ်လေ၊ အဆင့်ဆင့် စမ်းသပ်စစ်ဆေးမှုတွေ လုပ်နေရတယ်၊ အဲ့အပေါ်မှာမူတည် ပြီးတော့ ရောဂါပြင်းထန်ရင် ပြင်းထန်သလို လိုအပ်တဲ့ကုသမှုတွေ ဆောင်ရွက်သွားရမှာပေါ့နော်"

ဒီကနေ့ မနက်ပိုင်းမှာ တိုက်ခိုက်ခံရတဲ့ ဘိန်းတိုက်ဖျက်ရေးအဖွဲ့တွေဟာ ဝိုင်းမော်မြို့နယ် ဝေမိုးရွာကနေ ထန်းမိုခမ်းကျေးရွာဘက်က ဘိန်းစိုက်ခင်းတွေဘက်အသွားမှာ တစ်ကြိမ်တိုက်ခိုက်ရပြီး နေ့လည်ပိုင်းမှာ စင်ကြိုင်ရွာကနေ ဘိန်းစိုက်ခင်းတွေဘက်ကိုအသွားမှာ တိုက်ခိုက်ခံရတာလို့ သိရပါတယ်။

ဆဒုံးမြို့အကျော်မှာ ဒီကနေ့ နေ့လည်ပိုင်းက တိုက်ခိုက်ခံရလို့ ဗုံးစမှန်ထားပြီး ဒဏ်ရာရရှိသူ တစ်ဦးဖြစ်တဲ့ အသက် ၂၄ နှစ်အရွယ် ကိုဘရန်ဂျာက တိုက်ခိုက်ခံရတဲ့ အခြေအနေကို အခုလိုပြောပါတယ်။

"မိုင်းတွေနဲ့ အခွဲခံရတယ်၊ တော်တော်ထိသွားတယ်၊ သူတို့လည်း အယောက် ၃ဝ ကျော်လောက်ရှိတယ်၊ ဝိုင်းရိုက်ဖမ်းနေကြရင်းနဲ့ လက်ပစ်ဗုံးနဲ့ ကြားထဲက ပစ်ခွဲလိုက်တာ၊ လက်ပစ်ဗုံးပစ်တဲ့လူကိုတွေ့တယ် ဒါပေမဲ့ လိုက်ဖမ်းမမိလိုက်ကြဘူး၊ ယူနီဖောင်းနဲ့ မဟုတ်ဘူး၊ ဒါပေမဲ့ သေနတ်တွေနဲ့ ပစ်တယ်၊ လက်ပစ်ဗုံး ဆို သုံးလုံးတောင်ကွဲတယ်၊ ကျနော်တို့လည်း ရှေ့ဆက်တိုးလို့မရတော့ နောက်ပြန်ဆုတ်တယ်၊ ဟိုမှာရှိတဲ့ လူတွေလည်းရှိနေကြတယ်"

ဘိန်းခင်းပိုင်ရှင်လို့ယူဆရတဲ့ လက်နက်ကိုင်ဆောင်ထားသူတွေဟာ တုတ်၊ ဓါး၊ လောက်လေးခွ၊ သေနတ်၊ လက်ပစ်ဗုံးစတဲ့လက်နက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ပြီး ကားတချို့ကိုလည်း မီးရှို့ခဲ့သလို ရိက္ခာတွေကိုလည်း ယူဆောင်သွားတယ်လို့ ဒဏ်ရာရသူတွေကို ကူညီပေးနေတဲ့ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ဝင် ဦးလမိုင်ဂွမ်ဂျာက ပြောပါတယ်။

လတ်တလော မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ လူမှုအဖွဲ့အစည်းတွေ အပါအဝင် အစိုးရတာဝန်ရှိသူတချို့က ဒါဏ်ရာရရှိသူတွေကို သွားရောက်သယ်ယူပြီး မြစ်ကြီးနားဆေးရုံကို ပို့ဆောင်နေတာဖြစ်ပါတယ်။

ဒီအတောအတွင်းမှာပဲ ဘိန်းဖျက်ဆီးရေးသွားသူတွေ တိုက်ခိုက်ခံရတာကိုမကျေနပ်တဲ့ ဒေသခံကချင်တိုင်းရင်းသား အယောက်တစ်ရာကျော်က မြစ်ကြီးနားပြည်သူ့ဆေးရုံရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ နယ်ခြားစောင့်တပ် အလိုမရှိ၊ ဘိန်းအစိုးရ အလိုမရှိစတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြနေကြ တာဖြစ်ပါတယ်။

မြစ်ကြီးနားဆေးရုံပေါ်မှာ ရောက်ရှိနေတဲ့ ဒဏ်ရာရရှိသူအများစုဟာ ဝိုင်းမော်မြို့နယ်ထဲကဖြစ်ပြီး ဖားကန့်မြို့နယ် ဘက်ကတချို့နဲ့ အသေးစိတ်ကိုတော့ စိစစ်နေဆဲဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံးနဲ့ ပြည်နယ်ရဲတပ်ဖွဲ့ရုံးကို RFA က လူကိုယ်တိုင် သွားရောက်မေးမြန်းခဲ့ပေမဲ့ အလုပ်ရှုပ်နေတယ်လို့ပြောပြီး တာဝန်ယူ ဖြေဆိုခြင်းမရှိခဲ့ပါဘူး။

ကချင်လူမှုအခြေပြု ဘိန်းခင်းတိုက်ဖျက်ရေးအဖွဲ့ဟာ အစိုးရရဲ့ လုံခြုံရေးစီမံပေးမှုနဲ့အတူ ဋ္ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းပြီး ဖေဖော်ဝါရီ ၂၃ ရက်နေ့ကစတင်ပြီး အဖွဲ့ကြီး ၆ ဖွဲ့ အဖွဲ့ငယ် ၂၆ဖွဲ့ခွဲကာ ဘိန်းခင်းဖျက်ဆီးရေးတွေ ကို ဆောင်ရွက်နေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။