တာချီလိတ်မှာ ဘိန်းဖြူ ကီလို ၃ဝ ကျော် ဖမ်းမိ
2016.05.28

ရှမ်းပြည်အရှေ့ပိုင်း ထိုင်းမြန်မာနယ်စပ် တာချီလိတ်မြို့မှာ ကျပ်ငွေသိန်းပေါင်း ၅ ထောင်ကျော် တန်ဖိုးရှိတဲ့ ဘိန်းဖြူဘလောက်တုံး ကီလို ၃ဝ ကျော်ကို ဒီကနေ့ မေလ ၂၈ ရက်နေ့ မနက်ပိုင်းမှာ တာချီလိတ် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
တာချီလိတ်မြို့နယ် ဖိုင်းဖုန်း (ခ) ကျေးရွာအုပ်စု ပါခုတ်ပူးပေါင်းစစ် ဆေးရေးဂိတ်မှာ မနက် ၁ နာရီကျော်က ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ တာချီလိတ် မူးယစ်တပ်ဖွဲ့က ဒုတပ်ကြပ်ကြီး တိုးမြင့်အောင် က ပြောဆိုပါတယ်။
"ဖမ်းဆီးရမိတာတော့ ညပိုင်းတွေမှာ မူးယစ်ဆေးဝါးတွေ သယ်ဆောင်နိုင်တယ်ဆိုတဲ့ သတင်းတွေရလို့ ကျနော်တို့အဖွဲ့က ပူးပေါင်းအဖွဲ့တွေနဲ့ပေါင်းပြီးမှ ရှောင်တခင် ပိတ်ဆို့စစ်ဆေးရှာဖွေတာပေါ့၊ ပါခုတ်ကျေးရွာအဝင် စစ်ဆေးရေးဂိတ်မှာ ဒီနေ့ ၁ နာရီ ၁၅ အချိန်မှာပေါ့ ဝှေလေလန်ရွာကနေပြီးမှ လွန်းကျိုင်းကျေးရွာဖက်ကို စိုင်းဖတ်အွန်နွန်း (ခ) အိုက်ပီး မောင်းနင်လာတဲ့ အဖြူရောင် မော်တော် ယာဉ် ရောက်ရှိလာတဲ့အချိန်မှာ စစ်ဆေးရှာဖွေတဲ့အချိန်မှာ နောက်ဖုံးထဲမှာ ဘိန်းဖြူ ဘလောက်တုံး ၉၇ တုံးပေါ့ စုစုပေါင်း အလေးချိန်ကတော့ ၃၃ ဒသမ ၉၅ ကီလိုဂရမ် ဒေသတန်ဖိုးကတော့ ကျပ်သိန်းပေါင်း ၅၄၃၂ သိန်း အဲ့ဒါ သိမ်းဆည်းရမိတာပေါ့ ဒါက ဒီနှစ်ထဲမှာတော့ ဘိန်းဖြူ က ဒီနှစ် အများဆုံးပေါ့ဗျာ"
ဘိန်းဖြူဘလောက်တုံးတွေနဲ့အတူ ဖမ်းဆီးရမိတဲ့ အသက် ၃၅ နှစ်အရွယ် စိုင်းဖတ်အွန်နွန်း ခေါ် အိုက်ပီး ကို ဝမ်ပုံနယ်မြေရဲစခန်းကနေပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်သော ပုဒ်မ ၁၅/၁၉ (က) / ၂၁ တွေနဲ့ အမှုဖွင့်အရေးယူထားတယ်လို့လည်း သိရပါတယ်။