စားဝတ်နေရေးအတွက် ရှမ်းပြည်လူထု ဘိန်းကို အမှီပြုနေရ
2017.03.04

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ မှုခင်းတိုက်ဖျက်ရေးအဖွဲ့ (UNODC) က ရှမ်းပြည်နယ်မှာ ဘိန်းစိုက်ပျိုးမှု များပြားရခြင်းနဲ့ ပတ်သက်ပြီး အစီရင်ခံစာတစ်စောင်ကို မနေ့က ထုတ်ပြန်ခဲ့ရာမှာ စီးပွားရေးအခြေအနေနဲ့ တရားဥပဒေစိုးမိုးမှုတွေကို အခြခံအချက်တွေအဖြစ် တွေ့ရှိရကြောင်း ဖေါ်ပြထားပါတယ်။
လမ်းပန်းဆက်သွယ်ရေးအပါအဝင် အခြေခံအဆောက်အအုံ အားနည်းမှုကြောင့် ရှမ်းပြည်လူထုအနေနဲ့ သူတို့ဒေသ ထွက်ကုန်တွေကို ဈေးကွက်တင်ပို့ရေး အခက်အခဲနဲ့ ရင်ဆိုင်နေရပြီး အခြေခံစားဝတ်နေရေး လိုအပ်ချက်အတွက် ဘိန်းစိုက်ပျိုးရေးအပေါ် မှီခိုနေရကြောင်းနဲ့ (UNODC) က သုတေသနပြုခဲ့တဲ့ ရှမ်းတိုင်းရင်းသားကျေးရွာတွေမှာ အိမ်ထောင်စု ၁ဝ ရာခိုင်နှုန်းက ဘိန်းစိုက်နေကြကြောင်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အစိုးရအုပ်ချုပ်မှု လက်အောက်ရှိတဲ့ ရွာတွေဟာ အစိုးရလက်လှမ်းမမီတဲ့ ကျေးရွာတွေထက် ဘိန်းစိုက်ပျိုးမှုနည်းပါးကြောင်းနဲ့ ငြိမ်းချမ်းရေး မရရှိသေးတဲ့ပြဿနာဟာလည်း ဘိန်းစိုက်ပျိုးမှုထိန်းချုပ်ရေးအတွက် အခက်အခဲတစ်ခုဖြစ်နေကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ မှုခင်းတိုက်ဖျက်ရေးအဖွဲ့ရဲ့ မနေ့က အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
ဒေသခံ ကုလ အရာရှိ Jeremy Douglas ဂျယ်ရမီ ဒေါက်ဂလတ်စ် က ရှမ်းပြည်နယ်ရဲ့ ဘိန်းစိုက်ပျိုးမှု ပပျောက်ရေး ဟာ နိုင်ငံရေးနဲ့ ဒေသတည်ငြိမ်ရေးတွေပေါ်မှာ မူတည်နေယုံမျှမကပဲ ပြည်သူလူထုရဲ့ နေ့စဉ်လူမှုဘဝ အဆင်ပြေအောင် တခြားနည်းတွေနဲ့ ထိထိရောက်ရောက် အစားထိုး ဖြေရှင်းပေးဖို့ အရေးကြီးကြောင်း ဒီအစီရင်ခံစာက မီးမောင်းထိုးပြနေပါတယ်လို့ ပြောပါတယ်။