မြန်မာမှာတွေ့ဆုံဆွေးနွေးပွဲစတင်ဖို့ ပုပ်ရဟန်းမင်းကြီး တိုက်တွန်း

RFA Burmese
2024.11.24
မြန်မာမှာတွေ့ဆုံဆွေးနွေးပွဲစတင်ဖို့ ပုပ်ရဟန်းမင်းကြီး တိုက်တွန်း ဗာတီကန်တွင် ဆုတောင်းပေးနေသည့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အား ၂ဝ၂၄ ခုနှစ် နိုဝင်ဘာလ ၂၄ ရက်နေ့က တွေ့ရစဉ်။
AFP

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရအောင် တွေ့ဆုံဆွေးနွေးပွဲစတင်ဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မေတ္တာရပ်ခံ တိုက်တွန်းလိုက်ပါတယ်။

ပုပ်ရဟန်းမင်းကြီးက စစ်ဘေးသင့်နိုင်ငံတွေအတွက် နိုဝင်ဘာ ၂၄ ရက်နေ့က ဆုတောင်းပေးချိန်မှာ တိုက်တွန်းလိုက်တာလို့ ဗာတီကန်သတင်းက ‌ဖော်ပြပါတယ်။ မြန်မာနိုင်ငံအပြင် စစ်ဖြစ်နေတဲ့ ယူကရိန်း၊ ပါလက်စတိုင်း၊ အစ္စရေး၊ လက်ဘနွန်နဲ့ ဆူဒန်နိုင်ငံတွေမှာလည်း ငြိမ်းချမ်းရေးရဖို့ ပုပ်ရဟန်းမင်းကြီးက ဆုတောင်းပေးခဲ့ပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ပြောဆိုရာမှာတော့ ပဋိပက္ခမှာ ပါဝင်ပတ်သက်သူအားလုံး လက်နက်တွေချပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်း‌ရေးရဖို့ အာမခံနိုင်တဲ့ စိတ်ရင်းမှန်နဲ့တွေ့ဆုံဆွေး‌နွေးပွဲ စတင်ဖို့ လေးနက်စွာ‌ မေတ္တာရပ်ခံတယ်လို့ ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၂၅ ရက်နေ့ဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးရဖို့ စတင်လျှောက်လှမ်းခဲ့တဲ့ ပထမဆုံးကျောင်းသားဆန္ဒပြပွဲဖြစ်ခဲ့တဲ့ အမျိုးသားနေ့ဖြစ်ပြီး ငြိမ်းချမ်း‌ပြီး ဒီမိုကရေစီ ဖော်ဆောင်နိုင်ဖို့ လက်ရှိအချိန်ထိ ရုန်းကန်‌ရဆဲဖြစ်ကြောင်းလည်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အထူးသဖြင့် ကလေးငယ်တွေ၊ သက်ကြီးရွယ်အိုတွေ၊ ဖျားနာသူတွေနဲ့ ရိုဟင်ဂျာတွေ အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းလုံးက ဒုက္ခသည်တွေအတွက် စာနာကြောင်းလည်း ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ စစ်တပ်အာဏာသိမ်းပြီးကတည်းက မြန်မာပြည်ငြိမ်းချမ်းရေးအတွက် မကြာခဏ ဆုတောင်းပေးလေ့ရှိပါတယ်။ ပြီးခဲ့တဲ နိုဝင်ဘာ ၃ ရက်နေ့ကကျင်းပတဲ့ ဝတ်ပြုဆုတောင်းပွဲမှာလည်း မြန်မာအပါအဝင် ကမ္ဘာတစ်ဝန်းက ပဋိပက္ခဖြစ်ပွားနေတဲ့ နိုင်ငံတွေမှာ စစ်ပွဲတွေရပ်ဖို့ ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။