ငြိမ်းချမ်းရေးရဖို့ တွေ့ဆုံဆွေးနွေးရေးက တစ်ခုတည်းသောနည်းလမ်းလို့ ကာဒီနယ် ချားလ်စ်မောင်ဘိုပြော
2024.10.18
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရဖို့ တွေ့ဆုံဆွေးနွေးရေးက တစ်ခုတည်းသော နည်းလမ်းဖြစ်တယ်လို့ ကက်သလစ် ခရစ်ယာန်ဂိုဏ်းချုပ် ဘုန်းတော်ကြီး ကာဒီနယ် ချားလ်စ်မောင်ဘိုက ပြောကြားလိုက်ပါတယ်။ VATICAN news နဲ့ မေးမြန်းခန်းမှာ ပြောကြားခဲ့တာပါ။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် အကြမ်းဖက်မှုတွေနဲ့ ပဋိပက္ခတွေ ဖြစ်ပွားလာခဲ့ပြီး သောင်းနဲ့ချီတဲ့ လူတွေဟာ တောထဲမှာ ပုန်းအောင်းနေကြရသလို လူငယ်တွေဟာလည်း နယ်စပ်ဖြတ်ကျော်ပြီး ရွှေ့ပြောင်းအလုပ်သမားတွေအဖြစ် အလုပ်တွေရှာကြဖို့ ဖိအားပေးခံနေရတယ်လို့ ဆိုပါတယ်။
ပဋိပက္ခတွေကြောင့် နေရပ်ရွှေ့ပြောင်းရသူ လေးသောင်းလောက်ဟာ ဘေးကင်းလုံခြုံရာနေရာတွေ ရှာဖွေနေကြရကြောင်း၊ လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေက အနာဂတ်မှာ ဘာတွေဆက်ဖြစ်လာမယ်ဆိုတာ ခန့်မှန်းလို့မရကြောင်းလည်း ပြောပါတယ်။
သူ့အနေနဲ့ နှစ်ဖက်လုံးကို တိုက်ပွဲတွေရပ်ဖို့ တိုက်တွန်းထားပေမဲ့ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက် လုပ်နေသလို တော်လှန်ရေးအဖွဲ့တွေဘက်ကလည်း ဆက်တိုက်နေတာကြောင့် ငြိမ်းချမ်းရေးအတွက် ခက်ခဲနေတယ်လို့လည်း ကာဒီနယ်ချားလ်စ်မောင်ဘိုက ပြောပါတယ်။