ဒေါ်အောင်ဆန်းစုကြည်ကို ဗာတီကန်မှာခိုလှုံခွင့် ပုပ်ရဟန်းမင်းကြီး အဆိုပြု

2024.09.24
ဒေါ်အောင်ဆန်းစုကြည်ကို ဗာတီကန်မှာခိုလှုံခွင့် ပုပ်ရဟန်းမင်းကြီး အဆိုပြု ဗာတီကန်တွင် ဆုတောင်းပေးနေသည့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အား ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၂ ရက်နေ့က တွေ့ရစဥ်။
Reuters

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တောင်းဆိုလိုက်ပြီး ဗာတီကန်မှာ ခိုလှုံနေထိုင်ခွင့်အတွက် အဆိုပြုလိုက်ပါတယ်။

ပုပ်ရဟန်းမင်းကြီးရဲ့ ၁၂ ရက်ကြာ အရှေ့တောင်အာရှ ခရီးစဥ်အတွင်း သီးသန့် ဆွေးနွေးခဲ့တာဖြစ်တယ်လို့ ရိုက်တာသတင်းတစ်ပုဒ်မှာ ရေးသားပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးပြီး သူ့သားနဲ့ ရောမမြို့မှာတွေ့ဆုံနိုင်ဖို့ တောင်းဆိုပါတယ်။ ဗာတီကန်မှာ လက်ခံထားဖို့လည်း အဆိုပြုထားတယ်”လို့ ပုပ်ရဟန်းမင်းကြီးက ဆွေးနွေးခဲ့တာပါ။

အသက် ၈၇ နှစ်ရှိပြီဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီးဟာ မြန်မာနိုင်ငံကို ၂၀၁၇ ဒီဇင်ဘာလက လာရောက်ခဲ့တာ ဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီးရဲ့ တောင်းဆိုချက်နဲ့ပတ်သက်ပြီး ဒီနေ့ထုတ် အီတလီ နေ့စဥ်သတင်းစာတစ်စောင်မှာ ရောမမြို့အခြေစိုက် ဘရင်ဂျီ ဘုန်းတော်ကြီးတစ်ပါး ရေးသားတဲ့ဆောင်းပါးမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ အဲဒီဆောင်းပါးကို ပုပ်ရဟန်းမင်းကြီး ခွင့်ပြုချက်နဲ့ ရေးသားတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

ပုပ်ရဟန်းမင်းကြီးက “မြန်မာနိုင်ငံ အနာဂတ်ဟာ အားလုံးရဲ့ ရပိုင်ခွင့်တွေနဲ့ ဂုဏ်သိက္ခာအပေါ်မှာ လေးစားမှု၊ အများအတွက် အကျိုးပြုစေတဲ့ ဒီမိုကရေစီနည်းကျတဲ့အမိန့်တွေကို လေးစားမှုအပေါ်မှာ အခြေခံတဲ့ ငြိမ်းချမ်းရေး ဖြစ်ရမယ်”လို့လည်း မိန့်ကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ အကျဥ်းကျခံနေရတဲ့ အသက် ၇၈ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုပေါင်း ၁၉ မှုနဲ့ရင်ဆိုင်နေရပြီး စုစုပေါင်း ထောင်ဒဏ် ၂၇ နှစ် ကျခံနေရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။