ပုဏ္ဏားကျွန်းမြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ယာဉ်မောင်းကို AA ပြန်လွှတ်

2022.07.23
ပုဏ္ဏားကျွန်းမြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ ယာဉ်မောင်းကို AA ပြန်လွှတ် ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှူး ဦးလှရွှေနှင့် ယာဉ်မောင်း မောင်ကျော်နိုင်တို့အား တွေ့ရစဉ်
Photo: AA Info Desk

ဖမ်းဆီးထိန်းသိမ်းထားတဲ့ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှူး ဦးလှရွှေနဲ့ ယာဉ်မောင်း ဦးမောင်ကျော်နိုင်တို့ကို ဇူလိုင်လ ၂၃ ရက် ဒီနေ့ နေ့လယ် ၁၂ နာရီမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) ရဲ့ ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက RFA ကို ပြောပါတယ်။

အသက် ၅၃ နှစ်အရွယ် မြို့နယ်အုပ်ချုပ်ရေးမှုး ဦးလှရွှေနဲ့ အသက် ၃၀ အရွယ် ယာဉ်မောင်း ဦးမောင်ကျော်နိုင်တို့ကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်နေ့က ကျောက်တော် - ပုဏ္ဏားကျွန်း ကားလမ်းမှာ AA က ဖမ်းဆီးခဲ့တာပါ။

စစ်ဆေးမေးမြန်းတဲ့အခါမှာ စစ်ရေးနဲ့မပတ်သက်လို့ ပြန်လွှတ်ပေးခဲ့တာလို့ ရက္ခိုင့် တပ်တော် (AA) ရဲ့ ပြန်ကြားရေး တာဝန်ခံ ကိုခိုင်သုခက ဆိုပါတယ်။

"ပုဏ္ဏားကျွန်းမြို့နယ် ယိုးငူရွာနဲ့ ကျောက်ဆိပ်ရွာအကြားမှာ ဒီနေ့ ပြန်လွှတ်ပေးခဲ့ ပါတယ်။ ခေါ်ယူထိန်းသိမ်းပြီး စစ်ဆေးမေးမြန်းတဲ့အခါမှာ စစ်တပ်နဲ့ပတ်သက်တာ မတွေ့ရဘူး။ အဲဒါကြောင့် ပြန်လွှတ်ပေးခဲ့တယ်။ ခေါ်ယူထိန်းသိမ်းစဉ်မှာလည်း ကျနော်တို့ဘက်က ကောင်းကောင်းမွန်မွန်ပဲ ထားပါတယ်"

ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့မှာလည်း ဘူးသီးတောင်မြို့နယ်ကနေ ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ မွတ်စလင် ရှစ်ဦးကို ရခိုင် - မွတ်စလင် ချစ်ကြည်ရေးအတွက်ဆိုပြီး ဘူးသီးတောင်မြို့နယ် ထဲက အာလဖာ (၂) စစ်ဒေသမှာ AA ဘက်က ပြန်လွှတ်ပေးခဲ့ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ်အတွင်းက စစ်ဆေးရေးဂိတ်တွေမှာ စစ်ဆေး မေးမြန်းမှုတွေ တင်းကျပ်နေတာကြောင့် အရေးပေါ်အခြေအနေမှသာ ပြည်သူတွေ ခရီး သွားလာကြဖို့ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေ့မှာ AA က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။