နေပြည်တော်မှာ နိုင်ငံရေးအခြေအနေ တင်းမာရှုပ်ထွေးနေ

သီဟထွန်း၊ သက်စုအောင်
2021.01.29

မဲရလဒ်နဲ့ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို စာချွန်တော်အမိန့်ထုတ်စစ်ဆေးဖို့ တိုင်ကြား ထားတဲ့အမှုကို နေပြည်တော် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှာ ဒီနေ့ စစ်ဆေးကြားနာခဲ့ပြီး အမှုကို လက်ခံ၊ မခံ နောက်နှစ်ပတ်မှာ ဆုံးဖြတ်ဖို့ အမိန့်ချခဲ့ပါတယ်။

ဒီနေ့ တရားရုံးချုပ်မှာ ကြံ့ခိုင်ရေးပါတီရှေ့နေ ဒေါ်မို့မို့စိန်ရဲ့ လျှောက်ထားချက်ကို တရားသူကြီး သုံးယောက်က စစ်ဆေးကြားနာခဲ့တယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့် က RFA ကို ပြောပါတယ်။

"စစ်တယ်၊ စစ်တယ်၊ အမှုစစ်တယ်၊ ကြားနာတယ်၊ အွန်လိုင်းကပဲ၊ တရားသုံးကြီး သုံးဦးက ကျနော်တို့ရဲ့ လျှောက်လဲချက်ကို ကြားနာတာ၊ ကျနော်တို့ ဘာ့ကြောင့် လျှောက်လဲလဲ၊ ဘာ့ကြောင့် စာချွန်တော် တောင်းရသလဲဆိုတာကို ကျနော်တို့က အချက်အလက်နဲ့ ဥပဒေကြောင်းအရ တင်ပြတော့ သူတို့က ကြားနာတာ၊ ဒါပေမဲ့ ကျနော်တို့ကို ဘာမှ ပြန်မပြောဘူး၊ ကြားနာတယ်၊ နားထောင်နေတယ်၊ ပြီးရင် နှစ်ပတ်လောက်နေမှ ဒီအမှုကို လက်ခံ၊ မခံ စဉ်းစားမယ်၊ ပလပ်မယ်ဆိုရင်တော့ ပြီးသွားပြီပေါ့၊ မပလပ်ဘူး လက်ခံပြီဟေ့ဆိုရင်တော့ အဲဒီကျမှ UEC နဲ့ ကျနော်တို့ဘက်က ရှေ့နေတွေက နှစ်ဘက် လျှောက်လဲကြမှာ ပေ့ါ။"

ကြံ့ခိုင်ရေးပါတီနဲ့ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီတို့က နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမှာ မဲမသမာမှု တွေ ရှိခဲ့တယ်ဆိုပြီး၊ ကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း အပါအဝင် (၁၅) ဦးကို အာဏာပေးစာချွန်တော် (သို့မဟုတ်) အာဏာပိုင်မေးစာချွန်တော်ထုတ်ပြီး ဆင့်ခေါ်မေးမြန်းဖို့၊ ပြီးခဲ့တဲ့လထဲမှာ ပြည်ထောင်စုတရား လွှတ်တော်ချုပ်ထံ တိုင်ကြားခဲ့ပြီး၊ ဒီလ ၂၉ ရက်နေ့မှာ စစ်ဆေးကြားနာမယ့်အကြောင်း ပြည်ထောင်စုတရား လွှတ်တော်ချုပ်က တရားဝင် သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။

အလားတူ နိုင်ငံတော် သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ကာကွယ်ရေးဦးစီးချုပ် အပါအဝင် လေးဦးကိုလည်း မန္တလေးမြို့က ရှေ့နေ ဦးဇော်ဝိတ်က အာဏာပိုင်မေး စာချွန်တော်ထုတ်ဆင့်ပေးပါရန် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ထံ လျှောက်ထားခဲ့ပြီး၊ အဲဒီအမှုကိစ္စကို ဒီကနေ့ စစ်ဆေးကြားနာမှု ရှိမရှိဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကတော့ အမှုကို လက်ခံဖို့ သင့်၊ မသင့် ဆုံးဖြတ်ချက်ကို နောက်ဆုတ်လိုက် တာဟာ ကောင်မွန်ပြီး၊ ဒီကိစ္စကြောင့် လွှတ်တော်ခေါ်ယူရေး ထိခိုက်မှာကို မလိုလားဘူးလို့ ပြောပါတယ်။

"ဒီကိစ္စက အမှန်အတိုင်းပြောရရင်တော့ လက်ကိုခံရမယ့် အမှုအမျိုးအစားမဟုတ်ဘူး၊ အမှန်ကတော့ ပယ်လိုက်ရမှာပေါ့၊ သို့သော် ပယ်လည်းမယ်ချင်သေးဘူး သေချာစဉ်းစားချင်သေးတဲ့အတွက်ကြောင့်မိုလို့ အချိန်ယူတာဆိုရင်တော့ ဒါတော့ကောင်းပါတယ်နော်၊ နောက်မို့ဆိုလို့ရှိရင် လွှတ်တော်ကို ခုခေါ်မယ့် လွှတ်တော်ကို အနှောက်အယှက် ပေးနိုင်တာပေါ့ဗျာ၊ အဲဒါတော့ ကျနော် မလိုလားဘူးလေနော်၊ ဒီအမှုရဲ့ ထူးခြားသော အခြေအနေတွေအရ သူ့အနေနဲ့ သူ အချိန်ယူပြီးတော့ စဉ်းစားတယ်လို့ အဲလိုယူဆရင်တော့ ပိုကောင်းမယ်လို့ ထင်တယ်။"

တစ်ချိန်တည်းမှာပဲ မဲရလဒ်ကို ကန့်ကွက်နေတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို ထောက်ခံသူတွေကလည်း အင်အားရာနဲ့ချီပြီး ပြည်ထောင်စုတရားလွှတ်တော်ရုံးချုပ် အနီးဝန်းကျင်မှာ ဒီနေ့မနက်ပိုင်းက ကားတွေနဲ့ လှည်လည်အင်အားပြခဲ့ကြပါတယ်။

ဥတ္တရသီရိမြို့နယ် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရုံးကနေ ကားအစီးရေ ၆၀ လောက်ဟာ ပြည်ထောင်စု တရားလွှတ်တော်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး ဝန်းကျင်မှာ လှည့်လည်ခဲ့ကြတာပါ။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးထံသွားတဲ့ လမ်းအနီးဝန်းကျင်မှာလည်း ရဲတပ်ဖွဲ့က လုံခြုံရေးအင်အား အပြည့်နဲ့ ဒီနေ့ ချထားခဲ့တာကို တွေ့ရပါတယ်။

ဒီနေ့ ဆန္ဒပြပွဲမှာ ပါဝင်တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဝန်းရံသူတစ်ဦးကတော့ ပြည်ထောင်စု တရားလွှတ်တော်ချုပ် ရုံးရှေ့ကို သွားတာမဟုတ်ဘဲ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း အိမ်ကိုသွားရောက် ဆန္ဒပြတာဖြစ်တယ်လို့ ပြောပါတယ်။

ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးအနီးမှာ နေရာယူထားတဲ့ ရဲတပ်ဖွဲ့လုံခြုံရေးတွေက နောက်ကြောင်း ပြန်လှည့်ခိုင်းတဲ့အတွက် UEC ဥက္ကဋ္ဌ ဦးလှသိန်း အိမ်ရှေ့မှာ ဆန္ဒပြမယ့် ကိစ္စမအောင်မြင်ခဲ့ဘူးလို့ သူက ဆက်ပြောပါတယ်။

ဒီဆန္ဒပြပွဲတွေကြောင့် နေပြည်တော် အဝင်အထွက်ဂိတ်မှာလည်း ပုံမှန်ထက်ပိုပြီး လုံခြုံရေး တင်းကျပ် ထားတာကို တွေ့ရပါတယ်။

လတ်တလော အခြေအနေတွေ ရှုပ်ထွေးနေတဲ့အတွက် မန္တလေးတိုင်း တရားလွှတ်တော်အနီးမှာလည်း ဒီကနေ့ လုံခြုံရေးတင်းကျပ်ထားတာ တွေ့ရတယ်လို့ မန္တလေးအခြေစိုက် RFA သတင်းထောက်က ပြောပါတယ်။

ဒီအခြေအနေတွင်းမှာပဲ NLD ထိပ်တန်းကိုယ်စားလှယ်တချို့နဲ့ တပ်မတော်ဘက်က ကိုယ်စားလှယ်တချို့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး တပ်မတော်ဘက်က ဖေဖော်ဝါရီ ၁ ရက်နေ့ စမယ့် လွှတ်တော်အစည်းအဝေးကို နောက်ဆုတ်ပေးဖို့ တောင်းဆိုရာမှာ NLD ဘက်က လက်မခံနိုင်တဲ့အတွက် ဆွေးနွေးပွဲပျက်ခဲ့ရတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ဒါပေမယ့် ဒီသတင်းနဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြား အတည်ပြုလို့ မရသေးပါဘူး။

အလားတူ လွှတ်တော်တက်ဖို့ နေပြည်တော်ကို ရောက်ရှိနေတဲ့ NLD နဲ့ တိုင်းရင်းသားပါတီ ကိုယ်စားလှယ်တွေ နေထိုင်ရာ စည်ပင်ဧည့်ရိပ်သာကို ပိတ်ဆို့ထားတယ်၊ လုံခြုံ‌ရေးတင်းကျပ်ထားတယ်လို့ သတင်းတွေ ထွက်ပေါ် နေတာကြောင့် အခြေအနေအရပ်ရပ်ကို သိနိုင်ဖို့အတွက်၊ လွှတ်တော်တက်ဖို့ စည်ပင်ဧည့်ရိပ်သာကို ရောက်ရှိနေတဲ့ NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်လည်းဖြစ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် လည်း ဖြစ်သူ ဦးအောင်ကြည်ညွန့် ကို RFA က မေးမြန်းရာမှာ NLD ဆွေးနွေးပွဲကို သူမသိဘူးလို့ ငြင်းဆိုပါတယ်။

စည်ပင်ဧည့်ရိပ်သာမှာတော့ ကျန်းမာရေးကြောင့် အရင်ထက်ပိုပြီး လုံခြုံရေးတင်းကျပ်ထားတယ်လို့ ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

"ကျနော် သိရသလောက်တော့ ကျနော်တို့ဆီမှာ ကျန်းမာရေးအရရော လုံခြုံရေးအရရော ရဲအင်အားတော့ တိုးချဲ့ထားတယ်၊ တိုးချဲ့ပြီးတော့ လုံခြုံရေးကိုတော့ ကြီးကြပ်ဆောင်ရွက်နေတယ်၊ ကျနော်တို့ဆီမှာတော့ အေးအေးဆေးဆေးပါပဲ၊ ကျန်ောကတော့ ဆိုက်ဝါးတွေ လုပ်နေတယ်လို့ပဲ ထင်ပါတယ်။"

လွန်ခဲ့တဲ့ ၃ ရက်က နေပြည်တော်မှာလုပ်တဲ့ သတင်းစာရှင်းပွဲအတွင်း “တပ်မတော်က အာဏာမသိမ်းဘူးလို့ မမှတ်ယူနဲ့” လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောခဲ့ပြီး၊ ကာကွယ်ရေးဦးစီးချုပ်ကလည်း “၂၀၀၈ ဖွဲ့စည်းပုံကို မလိုက်နာရင်၊ ဖျက်ပစ်မယ်” လို့ ပြောလိုက်ပြီးတဲ့နောက် ပြည်သူတွေ ကြားမှာ စိုးရိမ်မှုတွေ မြင့်တက်လာတာပါ။

NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်ကတော့ ပြည်သူတွေ သိပ်ပြီး မစိုးရိမ်ဖို့ ပြောတယ်။

"ပြည်သူတွေ အလွန်အမင်း စိုးရိမ်ဖို့ မလိုပါဘူး၊ ကျနော်တို့က ညီညွတ်ဖို့ရယ်၊ လက်ရှိအခြေအနေကို မျက်ခြေ မပြတ်ဖို့ပဲ လိုတယ်လို့ ကျနော်တို့ ပြောချင်ပါတယ်။ ကျနော်တို့ ဒီလို အခြေအနေမျိုးတွေဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး နောက်ခံမျိုးအရဆိုရင် အချိန်မရွေးပေါ်လာနိုင်တယ်ဆိုတာ သဘောပေါက် ပါတယ်၊ အခုအခြေအနေမှာ ရွေးကောက်ပွဲကို အကြောင်းပြပြီး လုပ်နိုင်တာတော့ အကြောင်းပြချက်အရ အားနည်းတဲ့ အချိန်မှာ သူတို့ လုပ်လိုက်တာပေါ့လေ၊ သို့သော် ကျနော်တို့က ဖွဲ့စည်းပုံကို ပြင်မယ်ဆိုတဲ့ အခါမှာ ဒီလိုပဲ အလားတူ ဆန့်ကျင်တဲ့ လှုပ်ရှားမူတွေ ပေါ်မှာပါခင်ဗျ။ တစ်နည်းအားဖြင့် ဒီလို ပေါ်လာတယ် မြန်မြန်ပြည်သူရဲ့ ထောက်ခံမူနဲ့ ဥပဒေနဲ့အညီရှင်းနိုင်တယ်ဆိုရင် ပိုပြီးတော့ ကောင်းမွန်တဲ့ အခြေအနေတစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။"

နေပြည်တော်မှာ ကောလဟလသတင်းတွေနဲ့ အခြေအနေတွေ ရှုပ်ထွေးနေပေမယ့် ပြည်သူ့လွှတ်တော် အစည်းအဝေးကို ဖေဖော်ဝါရီ ၁ ရက်၊ အမျိုးသားလွှတ်တော် အစည်းအဝေးကို ၂ ရက်နေ့နဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးကို ဖေဖော်ဝါရီ ၅ ရက်နေ့တွေမှာ ကျင်းပဖို့ အသီးသီး စီစဉ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။