နိုင်ငံရေးဆွေးနွေးပွဲအတွက် အဆိုပြုချက် NDF ရေးဆွဲ
2014.08.31

အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုး ပြီးနောက် နိုင်ငံရေးဆွေးနွေးပွဲမှာ တက်ရောက်သင့်တဲ့ ပါတီအဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်အရေအတွက် အချိုးအစားပုံစံကို အမျိုးသားဒီမိုကရေစီအင်အားစု ပါတီက ရေးဆွဲထားကြောင်း သိရပါတယ်။
အမျိုးသားဒီမိုကရေစီအင်အားစုပါတီက ရေးဆွဲ ထားတဲ့ နိုင်ငံရေးဆွေးနွေးပွဲမှာ ပါဝင်ရမယ့်အဖဲ့ွ အစည်းတွေပုံစံနဲ့ပတ်သက်ပြီး ပါတီဥက္ကဌ ဦးခင်မောင်ဆွေက အခုလိုပြောပါတယ်။
"နိုင်ငံရေးပါတီတွေနဲ့ပတ်သက်လို့ MPC မှာအပစ် အခတ်ရပ်စဲရေးပြီးလို့ရှိရင် နိုင်ငံရေးဆွေးနွေးပွဲ လုပ်လို့ရှိရင် ကျနော်တို့ဘယ်လိုပုံစံနဲ့ သွားကြမယ် ဆိုတာကို ပါတီအသီးသီးကနေပြီးတော့ ပူးပေါင်း ပါဝင်ကြဖို့ မေတ္တာရပ်ခံထားတာရှိပါတယ်၊ အဲ့ဒါကြောင့်မို့လို့ ကျနော်တို့ကလည်းဒါကို FDA အနေနဲ့ တစ်ခါတင်ပြီးပါပြီ၊ NDF အနေနဲ့လည်းတင်ပြီးပါပြီ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အနေနဲ့လည်း တင်ပြီးပါပြီ၊ အစိုးရဘက်မှာလည်း ရှိနေတယ်လို့ကြားရပါတယ်၊ ကြားတော့ ကျနော်တို့ ၄ ဖွဲ့လောက်ကတော့ရပြီပေါ့ဗျာ၊ ကျန်တဲ့ပါတီတွေတင်ဖို့ကျန်ပါသေးတယ်"
သူတို့ရေးဆွဲထားတဲ့ အဆိုပြုပုံစံကို နိုင်ငံရေးပါတီ ၁၁ ပါတီ နဲ့ဖွဲ့ထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ် အဖွဲ့ဝင်တွေနဲ့လာမယ့် စက်တင်ဘာလ ၉ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးမယ်လို့ သိရပါတယ်။
အမျိုးသားဒီမိုကရေစီအင်အားစုပါတီက ရေးဆွဲထားတဲ့ပုံစံမှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့၊ နိုင်ငံရေးပါတီတွေ၊ ပညာရှင်တွေနဲ့ အရပ်ဘက်အဖွဲ့ကိုယ်စားလှယ်တွေ စုစုပေါင်း လူဦးရေ ၅၀၀ ပါဝင်ဖို့ရေးဆွဲထားပါတယ်။
ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညိုနှိှုင်းရေးအဖွဲ့ NCCTခေါင်းဆောင်တွေဟာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ချုပ်ဆိုနိုင်ဖို့ ကျန်နေတဲ့အချက်တချို့ကို လာမယ့် စက်တင်ဘာလထဲမှာ ဆက်လက်ဆွေးနွေးကြမှာဖြစ်ပါတယ်။
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်ပြီးနောက် ရက်ပေါင်း ၉၀ အတွင်းမှာ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပ ရမှာဖြစ်တယ်လို့ သိရပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်အဖွဲ့ FDA ကို အမျိုးသားဒီမိုကရေစီအင်အားစု၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီ၊ ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးပါတီစတဲ့ နိုင်ငံရေးပါတီ ၁၁ ခုနဲ့ဖွဲ့စည်းထား တာဖြစ်ပါတယ်။