တီးတိန်မြို့ မြန်မာ့စီးပွားရေးဘဏ်လုံခြုံရေး ရဲသုံးဦး ပစ်သတ်ခံရ

ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်မြို့က မြန်မာ့စီးပွားရေးဘဏ်ရှေ့မှာ လုံခြုံရေးယူထားတဲ့ ရဲသုံးဦးဟာ သြဂုတ်လ ၂၅ ရက် ဒီနေ့ နေ့လယ် ၁၂ နာရီအချိန်လောက်က အမည်မသိ သေနတ်သမားတွေရဲ့ ပစ်ခတ်မှု ကြောင့် သေဆုံးသွားတယ်လို့ အခင်းဖြစ်နေရာအနီးမှာ နေထိုင်တဲ့ ဒေသခံတွေက RFA ကိုပြောပါတယ်။
မိုးကာအင်္ကျီ ဝတ်ဆင်ထားတဲ့ အမည်မသိ သေနတ်သမား သုံးဦးခန့်ဟာ ရဲသုံးဦးကို ပစ်ခတ်ပြီးနောက် ဘဏ်ကောင်တာပေါ်မှာရှိ ငွေတွေကိုယူပြီး ဆိုင်ကယ်နဲ့ ထွက်ပြေးသွားတယ်လို့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ မျက်မြင်တစ်ဦးက ပြောပါတယ်။
“ကျွန်တော် မြင်လိုက်တာကတော့ လူသုံးယောက်ဗျ။ ဘဏ်ရှေ့မှာ ရဲနှစ်ယောက် စောင့်တယ်။ ဘဏ်ရဲ့ မျက်နှာချင်းဆိုင်နေရာမှာ တစ်ယောက်စောင့်တယ်။ ဘဏ်ရှေ့က ရဲနှစ်ယောက်ကတော့ ပစ်တာနဲ့ ပွဲချင်းပြီးပဲ။ နောက်တစ်ယောက်ကတော့ ရန်ဖြစ်သလို ထိုးကြိတ်ပြီးတော့မှ ပစ် ပစ်ဆိုပြီး ပြောသံ ကြားလိုက်တယ်။ ပြီးတော့ သေနတ်သံကြားတယ်။ ဘဏ်ထဲကို ဝင်သွားပြီးတော့ ပိုက်ဆံတွေကို အုပ်လိုက်ယူသွားတာ တွေ့လိုက်တယ်”
အဲဒီသေနတ်သမားတွေဟာ ဘယ်သူဘယ်ဝါမှန်း မသိရသေးသလို ယူဆောင်သွားတဲ့ ငွေပမာဏကိုလည်း လတ်တလော မသိရသေးပါဘူး။
အခင်းဖြစ်ပြီးနောက် ဘဏ်အနီးကို စစ်တပ်နဲ့ရဲက ကားတွေနဲ့ချက်ချင်း ရောက်ရှိလာပြီးတော့ လုံခြုံရေး တင်းကျပ်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဒီနေ့ မြန်မာစီးပွားရေးဘဏ်မှာ ပင်စင်လာထုတ်တဲ့ ဒေသခံတွေလည်း ရှိပေမယ့် အဲဒီသေနတ်သမားတွေဟာ လူရှင်းတဲ့အချိန်မှာ အခုလိုပစ်ခတ်သွားတာလို့လည်း ဒေသခံတွေက ပြောပါတယ်။
အခုလိုပစ်ခတ်မှုဖြစ်စဉ်ကြောင့် ဘဏ်အနီးဝန်းကျင်မှာရှိတဲ့ ဈေးဆိုင်ခန်းတွေလည်း ချက်ချင်းပိတ်သိမ်းပြီး အိမ်ပြန်သွားကြတယ်လို့လည်း ပြောပါတယ်။