ချင်းအမျိုးသားတပ်ဦး တပ်ဖွဲ့ဝင် ၂ ဦးကို မတရားအသင်းဥပဒေနဲ့ အမှုဖွင့်


2018.10.25
cnf-622.jpg ချင်းအမျိုးသားတပ်ဦး CNF တပ်ဖွဲ့ဝင်တွေ စစ်ရေးပြနေစဉ်
Photo: Chin National Front - Headquarters

ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဌာနချုပ် လိုင်ဇာမှာ အခြေခံစစ်သင်တန်း လေးလာကြာ တက်ရောက်ခဲ့တဲ့ ချင်းအမျိုးသားတပ်ဦး CNF က အသက် ၂၀ ကျော်အရွယ် တပ်ဖွဲ့ဝင် ၂ ဦးကို ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ရဲအုပ်ကျော်ဝင်းနိုင်က မတရားအသင်းဥပဒေပုဒ်မ ၁၇ (၁) နဲ့ အခုလ ၂၃ ရက်နေ့က အမှုဖွင့်လိုက်ပါတယ်။

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ၊သုံးခွရပ်ကွက်၊ အမှတ် ၂ လမ်း ၊ ဒီဇင်ဘာ အိမ်ယာဝင်းအတွင်း တိုင်ခန်းတစ်ခန်းမှာ နေထိုင်နေကြတဲ့ ဆလိုင်းနိုင်ထွန်းနဲ့ အောင်ရန်လင်း ဆိုသူနှစ်ဦးကို အခုလ ၂၂ ရက်နေ့က ရဲတပ်ဖွဲ့က ဝင်ရောက် စစ်ဆေးပြီး အမှုဖွင့်ထားတာဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ ၂၀၁၇ စက်တင်ဘာလအတွင်း CNF ကို ဝင်ရောက်ခဲ့ပြီး အောက်တိုဘာလမှာ KIA မှာ စစ်သင်တန်း တက်ရောက်ခဲ့ကြောင်း၊ KIA က ဖွင့်လှစ်မယ့်ဗိုလ်လောင်းသင်တန်းကို တက်ရောက်ဖို့ စောင့်ဆိုင်းနေစဉ်ကာလမှာ ဆက်လက်တာဝန် မထမ်းဆောင်လိုတော့တာကြောင့် တက္ကသိုလ် ပညာဆက်သင်ကြားဖို့ ရန်ကုန်ကို ထွက်ပြေးလာ တာဖြစ်ကြောင်း ရဲစစ်ချက်မှာ ဖော်ပြပါတယ်။

တရားလို ရဲအုပ်ကျော်ဝင်းနိုင်၊ တောင်ဒဂုံရဲစခန်းမှူး ဒုရဲမှူးမောင်မောင်နဲ့ တောင်ဒဂုံမြို့နယ်ရဲစခန်းတို့ကို RFA က ဆက်သွယ်မေးမြန်းရာမှာ အမှုဖွင့်တိုင်းကြားချက်နဲ့ ပတ်သက်လို့ ငြင်းဆိုမှုမရှိပေမယ့် အရေးယူ ဆောင်ရွက်နေမှုနဲ့ ပတ်သက်လို့ တစ်စုံတရာဖြေကြားတာ မရှိပါဘူး။

ချင်းအမျိုးသားတပ်ဦး CNF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းနဲ့ ဒေါက်တာရွှေခါး တို့ကို ဆက်သွယ်မေးမြန်းရာမှာ ဒီအကြောင်းကို သေချာမသိသေးကြောင်းနဲ့ ဖမ်းဆီးခံရသူတွေဟာ တပ်ဖွဲ့ဝင်တွေ ဟုတ်၊ မဟုတ် အတည်မပြုနိုင်သေးကြောင်းပြောပါတယ်။

CNF အနေနဲ့ စစ်ဆေးပြီးအတည်ပြုချက်ရပြီဆိုရင် ကြေညာချက် ထုတ်ပြန်သွားမှာဖြစ်ကြောင်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။