မိကျောင်းကန် သပိတ်စခန်းက ကျား/မ ၃ဝ အမှုဖွင့်ခံရ


2014.12.22
meechaungkan-city-hall-305.jpg မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြနေတဲ့ မိကျောင်းကန်ပြည်သူများ ကို ဒီဇင်ဘာလ ၁၆ ရက်နေ့က တွေ့ရစဉ်
Photo: Thiha Tun,Tun Myint/RFA

ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့ဝင်ပေါက်ကို ပိတ်ဆို့ပြီး ဆန္ဒပြနေတဲ့ မိကျောင်းကန်သပိတ်စခန်းက ဆန္ဒပြသူ ၃ဝ လောက်ကို ပုဒ်မ ၃၄၁ မတရားတားဆီးကန့်ကွက်မှု နဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဌာနမှူးက တရားလိုလုပ်ပြီး ကျောက်တံတားမြို့နယ် ရဲစခန်းမှာ အမှုဖွင့်လိုက်ပါတယ်။

စည်ပင်သာယာရေးကော်မတီက မိကျောင်းကန် သပိတ်စခန်းက ဆန္ဒပြအဖွဲ့ဆိုပြီး အမှုဖွင့်ထား တာကြောင့် မြို့တော်ခန်းမရှေ့မှာ ပိတ်ထားတဲ့ လူ ၃ဝ နီးပါးကို တရားစွဲဆိုမှာဖြစ်တယ်လို့ ကျောက်တံတား မြို့နယ်ရဲစခန်းမှူး ဦးဝင်းတင်က ပြောပါတယ်။

"မိကျောင်းကန်က ပိတ်ဆို့ပြီးတော့ နေတဲ့အတွက် မို့လို့ ပုဒ်မ ၃၄၁ နဲ့ မတရားတားဆီးကန့်ကွက်တာ ပါ၊ သူတို့ကိုအမှုဖွင့်ထားတယ်၊ ဆန္ဒပြအဖွဲ့ဆိုပြီး ဖွင့်ထားတာပါခင်ဗျ၊ ညှိနှိုင်းတုန်းကတော့ သူကပြောတာတော့ အစိတ် သုံးဆယ်လောက်ရှိတယ်လို့ပြောတယ်၊ ဥပဒေကြောင်းအရ လုပ်စရာရှိ တာလုပ်ပြီးတော့ပေါ့ဗျာ တရားစွဲရမှာဆိုတော့ ဘယ်တော့တရားစွဲမလဲဆိုတာတော့ တိတိကျကျပြောလို့ မရသေးဘူး"

မိကျောင်းကန်သပိတ်စခန်းက ဦးဆောင်သူအမျိုးသမီး ၅ ဦးကို ရန်ကုန်တိုင်းဒေသကြီး ဒုရဲတပ်ဖွဲ့မှူး၊ ခရိုင်ရဲတပ် ဖွဲ့မှူးတွေနဲ့ ကျောက်တံတားမြို့နယ်စခန်းမှူးတို့က မနေ့က ခေါ်ယူအသိပေးခဲ့တယ်လို့ မိကျောင်းကန်သပိတ် စခန်းက ဒေါ်အေးမိက ပြောပါတယ်။

"ဒီပိတ်ထားတဲ့အတွက်ပေါ့နော် အန်တီတို့ကို တိုင်တယ်ပေါ့ စည်ပင်က၊ အဲ့ဒါကြောင့် အန်တီတို့ကို အရေးယူလို့ရတယ်တဲ့ အဲ့လိုပြောတယ်၊ အန်တီတို့ကို ရုံးတင်စစ်ဆေးမယ်ပေါ့၊ စစ်ဆေးတဲ့အခါမှာ အန်တီတို့က ဒီနေရာမှာပိတ်ဆို့တာ ကိုယ်အိမ်မှာကိုယ် ဒီလိုရှေ့ကိုပိတ်ရင် မကျေနပ်သလို သူတို့ ကလည်း ရုံးရှေ့ကိုပိတ်တဲ့အတွက် တရားရုံးကရင်ဆိုင်ဖို့ခေါ်တဲ့အခါကျရင် အန်တီတို့က လာရောက် ကြမယ်ဆိုတဲ့အကြောင်း ပြောတယ်လေ၊ အဲ့ဒီတော့ အန်တီတို့ကပြောလိုက်တယ် အန်တီတို့မှာ နေစရာ အိမ်မရှိတဲ့အတွက် ဒီနေရာကိုပိတ်ထားတယ်၊ ဒီနေရာကနေ လာပြီးရင်ဆိုင်မယ်လို့ ပြောလိုက်တယ်၊ သူတို့ဖမ်းတာကိုလည်း အန်တီတို့ ခေါင်းထဲကိုမထည့်တော့ဘူးလေ၊ သူကလောလောဆယ် မဖမ်းသေးပဲ နဲ့ တရားရုံးမှာ ရင်ဆိုင်ရဦးမယ်လို့ပြောတယ်"

မိကျောင်းကန်သပိတ်စခန်းက လူ ၃ဝ လောက်ဟာ မြို့တော်ခန်းမရှေ့ဝင်ပေါက်ကိုပိတ်ပြီး ဆန္ဒပြနေတာ ဒီနေ့ဆိုရင် ၁ဝ ရက်ရှိနေပြီ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။