မြိုင်က ရဲစခန်းတစ်ခု PDF တွေ တိုက်ခိုက်မီးရှို့တာခံရ

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လင်းကတော ရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့ PDF တပ်ဖွဲ့သုံးဖွဲ့ ပူးပေါင်းပြီး ဇန်နဝါရီ ၂၉ ရက် မနေ့က တိုက်ခိုက်ခဲ့ရာ လက်နက်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ပြီး စခန်းကို မီးရှို့ခဲ့တယ်လို့ မြိုင် PDF တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
အဲဒီရဲစခန်းကို ရေစကြို၊ မြိုင်နဲ့ ဆားလင်းကြီး မြို့နယ်တွေက PDF တပ်ဖွဲ့သုံးဖွဲ့တို့ ပူးပေါင်းပြီး တစ်နာရီနီးပါးကြာ တိုက်ခိုက်ခဲ့ရတယ်လို့ ဆားလင်းကြီး PDF တပ်ဖွဲ့က တာဝန်ခံ ကိုဖိုးဇေက ပြောပါတယ်။
“တိုက်ပွဲက အပြန်အလှန်ဖြစ်ကြတာ၊ တစ်နာရီနီးပါးကြာတယ်။ ဒီဘက်က သာလွန် အင်အားနဲ့ဆိုတော့ စစ်သားနဲ့ ရဲတွေ ထွက်ပြေးသွားတယ်။ သူတို့မိသားစုတွေ ပစ်ထား ခဲ့တယ်။ ၁၂ ယောက်လောက်ရှိမယ်။ မိသားစုဝင်တွေကို ပြည်သူတွေနဲ့ ရပ်တည်ဖို့ ပြောပြီး လွှတ်ပေးလိုက်တယ်။ လက်နက်တွေ၊ ဆက်စပ်ပစ္စည်းတွေ သိမ်းခဲ့တယ်။ ပြည်သူတွေ စိတ်ဓာတ် မကျကြပါနဲ့၊ ကာကွယ်ရေးအဖွဲ့တွေမှာ လုပ်နိုင်စွမ်းရှိပါတယ်”
PDF တပ်ဖွဲ့ဝင်တွေ အထိခိုက်မရှိခဲ့ပေမယ့် စစ်ကောင်စီဘက်ကတော့ သေဆုံးထိခိုက် မှုတွေ ရှိနိုင်ပြီး အသေးစိတ်တော့ မသိရသေးဘူးလို့ ရေစကြို PDF အဖွဲ့ဝင်တစ်ဦးကလည်း ပြောပါတယ်။
"ကျွန်တော်တို့ သူတို့ခံပစ်တဲ့ ကတုတ်ကျင်းတွေကိုရဖို့ ကတုတ်ကျင်းတွေ၊ ဘန်ကာတွေ သိမ်းပိုက်ရတာပေါ့၊ သိမ်းပိုက်ရတဲ့အခါမှာ ဘန်ကာတွေ၊ ကတုတ်ကျင်းတွေကို ကျွန်တော် တို့ဘက်က ဝိုင်းပစ်ရတာတွေ ရှိတယ်ပေါ့နော်။ စခန်းသိမ်းရတဲ့အချိန်မှာ အဲဒီဘန်ကာတွေ၊ ကတုတ်ကျင်းတွေထဲမှာ သွေးကွက်တွေ ဒဏ်ရာရထားတဲ့ အစအနတွေ အများကြီး တွေ့ခဲ့ ရတယ်ဗျ"
လင်းကတောရဲစခန်းဟာ မြိုင်မြို့နယ်ထဲက ပုသိမ်-မုံရွာ လမ်းမကြီးပေါ် ရေစကြို၊ ဆား လင်းကြီးနဲ့ မြိုင်မြို့နယ်အစပ်မှာရှိပြီး စစ်သား၊ ရဲနဲ့ သစ်တောရဲ အင်အားစုစုပေါင်း ၁၉ ယောက်ဝန်းကျင် ရှိတယ်လို့လည်း ပြောပါတယ်။
မိသားစုဝင် ဆယ်ယောက်လောက် ဖမ်းမိခဲ့ပြီး ပြည်သူလူထုနဲ့ ပူပေါင်းပါဝင်ဖို့ပြောကာ ပြန်လွှတ်ပေးခဲ့တယ်လို့ ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က ထုတ်ပြန်ထားတာ မရှိသေးသလို စစ်ကောင် စီပြောခွင့်ရ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်နေဆဲ ဖြစ်ပါတယ်။ စခန်းကိုမီးရှို့ခဲ့ပြီး ပြန်ဆုတ်လာတဲ့အချိန်မှာ စစ်ရဟက်ယာဉ်နဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်အင်အားတွေ ထပ်မံလာချခဲ့ပြီး လက်ရှိအချိန်မှာ လင်းကတော စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေမှာ တပ်စွဲထားတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက်ကလည်း စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်ထဲက ရဲကင်းစခန်း နှစ်ခုကို PDF တွေက တိုက်ခိုက်ခဲ့လို့ လက်နက်တွေနဲ့အတူ ရဲတပ်ဖွဲ့ဝင် နှစ်ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဖောင်းပြင်မြို့နယ် PDF က ထုတ်ပြန်ခဲ့ပါတယ်။