ခွင့်ပြုချက်နဲ့မညီဘဲ ဆန္ဒပြမှု စဉ့်ကိုင်မြို့မှာ ငါးဦးတရားစွဲခံရ


2014.04.28
mdy-constitution-305.jpg ၂ဝဝ၈ ဖွဲ့စည်းပုံ အမြန်ဆုံး ပြင်ဆင်ပေးရေး ဖေဖော်ဝါရီလ ၉ ရက်နေ့က မန္တလေးမြို့မှာ ဆန္ဒပြနေစဉ်
Photo : RFA/ Sat Paing Toe

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ပေးဖို့ ဆန္ဒပြခဲ့ရာမှာ ခွင့်ပြုတဲ့လမ်းကြောင်းအတိုင်း မလိုက်နာဘဲ ဆန္ဒပြခဲ့တယ်ဆိုပြီး ဆန္ဒပြပွဲ ဦးဆောင်သူ ၅ ဦးကို ခွင့်ပြုချက်နဲ့မညီဘဲ ဆန္ဒပြမှုပုဒ်မ ၁၉ နဲ့ စဉ့်ကိုင်မြို့နယ် ရဲစခန်းမှူးက ဒီနေ့ တရားစွဲလိုက်ပါတယ်။

အဲဒီ ဆန္ဒပြခေါင်းဆောင် ၅ ဦးကို မြို့နယ်ရဲစခန်းမှာ ဒီနေ့ စစ်ဆေးမေးမြန်းခဲ့ပြီး စခန်းမှူး ဦးထွန်းထွန်းနိုင်က တရားလိုအဖြစ်နဲ့ တရားစွဲခဲ့တာပါ။ မနက်ဖြန်မှာ စဉ့်ကိုင်မြို့နယ်တရားရုံးမှာ အမှုကို စတင်စစ်ဆေးမှာဖြစ်တယ်လို့ တရားစွဲခံရတဲ့ ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးသော်တာဦးက ပြောပါတယ်။

"၂၅ ရက်နေ့က ဆန္ဒထုတ်ဖော်တဲ့အခါမှာ ကျနော်တို့တင်တဲ့လမ်းကြောင်းက ရုပ်ရှင်ရုံကဖြစ်ပါတယ်၊ အဲဒါကို သူတို့ကနေ သာသနာ့နယ်မြေကွင်းကြီးထဲကို ချပေးတဲ့အတွက် ကျနော်တို့က အဲဒီကနေမထွက်ခွာပဲနဲ့ ကျနော်တို့တင်ထားတဲ့ ရုပ်ရှင်ရုံရှေ့ကနေပဲ တန်းစီလှည့်လည်ပြီးတော့ ငြိမ်းချမ်းစွာနဲ့ ဆန္ဒပြပါတယ်၊ အဲဒါကို ချပေးတဲ့လမ်းကြောင်းအတိုင်း မသွားလို့ဆိုပြိး ပုဒ်မ ၁၉ နဲ့ ဒီနေ့ စဉ့်ကိုင်မြို့နယ် ရဲစခန်းမှာ စစ်ဆေးပြီးတော့မှ အရေးယူပါတယ်၊ တရားရုံးကို မနက်ဖြန် ၁ဝ နာရီမှာ တင်မှာဖြစ်ပါတယ်"

ပြီးခဲ့တဲ့ ၂၅ ရက်နေ့က မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့မှာ ရာဂဏန်းလောက်ရှိမယ့် ဒေသခံတွေဟာ ဖွဲ့စည်းပုံပြင်ဆင်တဲ့ ပုဒ်မ ၄၃၆၊ နိုင်ငံတော်သမ္မတအရည်အချင်း သတ်မှတ်ချက် ပုဒ်မ ၅၉(စ) ၊ (ဃ) တို့ ပြင်ဆင်ရေးအပြင် တရားမဝင်စီတန်းလှည့်လည်ခြင်း ပုဒ်မ ၁၈ ကို ပြင်ဆင်ပေးဖို့ စဉ့်ကိုင်မြို့တွင်းမှာ ဆန္ဒပြတောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

ဆန္ဒပြပွဲ ဦးဆောင်သူတွေဖြစ်တဲ့ စဉ့်ကိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင် ဦးသော်တာဦး၊ ဦးကျော်ဝင်း ၊ ဦးနေဇော်လင်း၊ ဦးကျော်လှိုင်နဲ့ ဦးစန်းမင်းတို့ကို အမှုဖွင့်အရေးယူတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။