ရတနာပုံတက္ကသိုလ် ဆန္ဒပြကျောင်းသားတွေ ပုဒ်မ ၅ ခုနဲ့ အမှုဖွင့်ခံရ
2018.12.28
ရတနာပုံတက္ကသိုလ်ရှေ့မှာ သရုပ်ဖော်ဆန္ဒပြခဲ့တဲ့ ကျောင်းသား သုံးယောက်ကို ပုဒ်မ ငါးခုနဲ့ အမှုဖွင့်လိုက်ကြောင်း မန္တလေးခရိုင်ရဲတပ်ဖွဲမှူး၊ ဒုရဲမှူးကြီး မျိုးအောင် က ပြောပါတယ်။
ဖွင့်လှစ်ထားတဲ့ပုဒ်မတွေက နိုင်ငံတော်အကြည်ညိုပျက်စေမှု့၊ တာဝန်ဝတ္တရားနှောင့်ယှက်မှု၊ မီးရှို့မှု၊ အားပေး အားမြောက်မှု၊ ငြိမ်းစုစည် ပုဒ်မတွေနဲ့ အမရပူရ ရဲစခန်းက အမှုဖွင့်ထားတယ်လို့ ပြောပါတယ်။
ဆန္ဒပြကျောင်းသားတွေက ရတနာပုံတက္ကသိုလ်မှာ ဒီနေ့နေ့လည်က မန္တလေးတိုင်း အစိုးရတာဝန်ရှိသူအချို့နဲ့ ရတနာပုံတက္ကသိုလ် ပါမောက္ခချုပ်တို့ရဲ့ နာရေးအသုဘအခမ်းအနားပုံစံလုပ်ပြီး ကျောင်းလုံခြုံရေး တိုးမြင့်ပေးဖို့ တောင်းဆိုခဲ့တာကြောင့် သီဟရဲကျော်၊ ရဲမင်းထွန်းနဲ့ ရဲမျိုးဆွေတို့ ၃ ဦးကို ဖမ်းဆီးအမှုဖွင့်လိုက်တာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၉ ရက်နေ့မှာ ကျောက်ဆည်တက္ကသိုလ်ကျောင်းသား ကိုနေမင်းထက်ဟာ တယ်လီဖုန်းအလုခံရပြီး ဓားထိုးအသတ်ခံလိုက်ရပါတယ်၊၊ ဒီဇင်ဘာလ ၆ ရက်နေ့မှာ ဆိုက်ဘာ စီးတီးတက္ကသိုလ်ကျောင်းသား ကိုထက်လင်းသန့်ဟာ မော်တော်ဆိုက်ကယ်အလုခံရပြီးအသတ်ခံရ လိုက်ရပါ တယ်။ ဒီဇင်ဘာလ ၂၅ ရက်နေ့မှာတော့ ရတနာပုံတက္ကသိုလ်က ကုန်ထုတ်ဓာတု နောက်ဆုံး နှစ်ကျောင်းသား ကိုစိုးမိုးဟိန်းအသတ်ခံလိုက်ရပါတယ်။
ဒါကြောင့် မန္တလေးတိုင်းမှာ ၆ လအတွင်း တက္ကသိုလ်ကျောင်းသား ၃ ဦးအသတ်ခံခဲ့ရတဲ့အတွက် ကျောင်း ပရဝုဏ်တွေမှာ လုံခြုံရေးမှုရှိအောင် စီစဉ်ပေးဖို့ ကျောင်းသားတွေ ဆန္ဒပြ တောင်းဆိုနေတာဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မခေမဏီဝင်း ပေးပို့တာပါ။