ဒုချီးရားတန်းရွာ မီးလောင်မှုကိစ္စ လွှတ်တော်အမတ် အမေးခံရ


2014.02.05
ushwemaung-305.jpg ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်ကို တွေ့ရစဉ်
photo: U Shwe Maung Facebook

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်းကျေး ရွာ မီးလောင်မှုဖြစ်စဉ်အပေါ် ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်ကို  ပြည်ထဲရေးဝန်ကြီးဌာန က နေပြည်တော်မှာရှိတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံးမှာ မနေ့ညက သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။

ဒုချီးရားတန်းကျေးရွာ မီးလောင်မှုနဲ့ ပတ်သက်ပြီး ဒီမိုကရက်တစ် မြန်မာ့အသံ DVB က မေးမြန်းရာမှာ လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင် ရဲ့ ဖြေကြားချက်တွေဟာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေတယ်ဆိုပြီး ပြည်ထဲရေး ဝန်ကြီးဌာနက မေးမြန်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မိမိအနေနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ဂုဏ်သိက္ခာကျအောင် ပြောတာတစ်ခုမှမပါဘူးလို့  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်က အခုလိုပြောပါတယ်။

“မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ကျနော်က သိက္ခာကျအောင် စွပ်စွဲတာမဟုတ်ပါဘူး၊ ကျနော်က ပြည်သူ့ကိုယ်စားလှယ်တစ်ယောက် ဖြစ်တဲ့အတွက် ပြည်သူတွေ တင်ပြချက်ကိုပဲ ဒီလိုတင်ပြထားတယ်၊ ပြီးတော့ ဒီလိုဟာလေးတွေတော့ ပြောနေကြတယ်၊ ဒီလိုဖြစ်နိုင်ချေရှိတယ်၊ အဲဒါကို DVB ကို သုံးသပ်ခိုင်းခဲ့တာပဲရှိတယ်၊ ဒါပေမယ့် ပြောတဲ့အထဲမှာလည်း ကျနော်က ရဲကလုပ်ပါတယ်လို့ ကျနော်ကိုယ်တိုင် စွပ်စွဲတာလုပ်ထားတာ မရှိဘူး၊ ဒါပြည်သူတချို့ရဲ့ တင်ပြထားတာတော့ သူတို့ရှိခဲ့တယ်၊ အဲလိုပဲ ကျနော်ကပြောတဲ့အတွက် ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှ ကျနော်က ကင်းရှင်းတယ်၊ ကျနော့်မှာ ဘာအပြစ်မှမရှိဘူး”

ဦးရွှေမောင်ရဲ့ ဒီမိုကရက်တစ်မြန်မာ့အသံ DVB မှာဖြေကြားခဲ့တဲ့ မူရင်းအသံဖိုင်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က  တောင်းယူစစ်ဆေးဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့က အဲဒီကျေးရွာမှာ ရဲတပ်ကြပ်ကြီးတစ်ဦး ပျောက်ဆုံးသွားခဲ့သလို ဇန်နဝါရီကုန်ခါနီးလောက်မှာ မီးလောင်မှုတစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။