ဒုချီးရားတန်း စုံစမ်းရေးကော်မရှင် မောင်တော ခရီးစဉ် ပြီးဆုံး
2014.02.20

နိုင်ငံတော်သမ္မတက ဖွဲ့စည်းတာဝန်ပေးထားတဲ့ ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်းဖြစ်စဉ် စုံစမ်းရေးကော်မရှင်အဖွဲ့ဟာ မောင်တောမြို့နယ်မှာ ၅ ရက်ကြာ စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်ခဲ့ပြီး ဒီကနေ့ စစ်တွေမြို့ကို ရောက်ရှိလာပါတယ်။
ဒုချီးရားတန်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး တွေ့ဆုံမေးမြန်းဖို့ လိုအပ်တယ်လို့ ယူဆတဲ့သူတွေကို မေးမြန်းခဲ့တယ်လို့ စုံစမ်းရေးကော်မရှင် အတွင်းရေးမှူး ဒေါက် တာကျော်ရင်လှိုင်က ပြောပါတယ်။
စုံစမ်းရေးကော်မရှင်ဟာ မောင်တောမြို့မှာ ဖေဖေါ်ဝါရီ လ ၁၅ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ စုံစမ်းစစ်ဆေး ခဲ့တာပါ။ ကော်မရှင်အနေနဲ့ ရခိုင်ပြည်နယ်အစိုးရ နဲ့ တွေ့ဆုံဆွေးနွေးဖို့ရှိတယ်လို့သိရပြီး အသေးစိတ် ထုတ်ပြန်ပြောဆိုတာ မရှိပါဘူး။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့က မောင်တောမြို့နယ် ဒုချီရားတန်းကျေးရွာမှာ ရဲတပ်ကြပ်ကြီး ဦးအောင်ကျော်သိန်း သေဆုံးခဲ့တဲ့ဖြစ်စဉ်အပြင် ဇန်နဝါရီလ ၂၈ ရက်နေ့က ဒုချီးရားတန်း အနောက်ကျေးရွာ မီးလောင်ခဲ့တဲ့ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး အဖွဲ့ဝင် ၁၁ ဦးပါတဲ့ စုံစမ်းရေးကော်မရှင်ကို နိုင်ငံတော်သမ္မတက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၆ ရက်နေ့က ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့တာဖြစ်ပါတယ်။
ဒုချီရားတန်း စုံစမ်းရေးကော်မရှင်ဟာ သူတို့တွေ့ရှိချက်တွေကို ဒီလကုန်မှာ နိုင်ငံတော်သမ္မတဆီ အပြီးသတ်အစီရင်ခံစာ တင်သွင်းရမှာဖြစ်ပါတယ်။
ဒုချီရားတန်း စုံစမ်းရေးကော်မရှင်ရဲ့ လေ့လာတွေ့ရှိချက်တွေနဲ့ ပတ်သက်လို့ RFA အဖွဲ့သူ ဒေါ်သင်းသီရိရဲ့ တင်ပြချက်ကို နားဆင်နိုင်ပါတယ်။