ဒုချီးရားတန်းအရေး စုံစမ်းဖော်ထုတ်ချက် အစီရင်ခံစာ ထုတ်ပြန်


2014.02.14
mhrc-305.jpg ရန်ကုန်မြို့ လှိုင်မြို့နယ် ပြည်လမ်းမမှာရှိတဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်ရေးကော်မရှင်ရုံးကို တွေ့ရစဉ်
photo: Myanmar National Human Rights Commission Facebook

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်းရွာမှာ ဇန်နဝါရီလ ၉ ရက်နေ့က လူအများအပြား အသတ်ခံ ခဲ့ရတဲ့အကြောင်း သတင်းတွေနဲ့ ပတ်သက်ပြီး အတည်ပြုနိုင်တဲ့ အထောက်အထားမရှိတဲ့ အကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်ရေးကော် မရှင်က ဒီကနေ့ သတင်းထုတ်ပြန်လိုက်ပါတယ်။

ကော်မရှင်အနေနဲ့ ဇန်နဝါရီလ ၃၀ ရက် ကနေ ဖေဖော်ဝါရီလ ၃ ရက်နေ့အထိ ၅ ၇က်ကြာ ကွင်းဆင်းစုံစမ်းခဲ့ရာမှာ ဇန်နဝါရီ ၉ ရက်နေ့က မွတ်စလင် ၈ ဦးသေဆုံးခဲ့တယ်ဆိုတဲ့ သတင်း၊ ဇန်နဝါရီလ ၁၃ ရက်နေ့က လူ ၄၀ အသတ်ခံရတယ် ဆိုတဲ့သတင်းနဲ့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ MSF က ကုသပေးခဲ့တယ်ဆိုတဲ့ လူ ၂၂ ဦးသတင်းတွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာအဖွဲ့အစည်း လူပုဂ္ဂိုလ်တွေ ကို သွားရောက်မေးမြန်းစစ်ဆေးရာမှာ အထောက် အထားမတွေ့ရကြောင်း စာမျက်နှာ ၅ မျက်နှာပါတဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စုံစမ်းစစ်ဆေးချက်တွေအရ မွတ်စလင်ရွာသားတွေ အမြောက်အများ သတ်ဖြတ်ခံရတယ်ဆိုတာ မဟုတ်မှန်ကြောင်း ကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်က ပြောပါတယ်။

“ကျနော်တို့ အစီရင်ခံစာမှာ အဓိကကတော့ ဘင်္ဂါလီ ၈ ဦး အသတ်ခံရတယ်ဆိုတာရယ်၊ နောက် ၄ဝ အသတ်ခံရတယ်ဆိုတာရယ် အဲဒါတွေကို ကျနော်တို့ ဆင်းစစ်တာပါ၊ အဲလိုစစ်တာမှာ မည့်သည့် သက်သေအထောက်အထား တစုံတရာ၊ ထွက်ဆိုချက်တစုံတရာမှ မရခဲ့တဲ့အတွက် ဒီသတင်းဟာ အခြေအမြစ်မရှိဘူးလို့ ကျနော်တို့ဒါကို သုံးသပ်ထားပါတယ်၊ ပုံမှန်လုံခြုံရေးလုပ်နေတဲ့ ရဲလှည့်ကင်း အဖွဲ့ကို ဘင်္ဂါလီအုပ်စုက အကြမ်းဖက်လိုက်တယ်၊ ရဲတပ်ကြပ်ကြီး ပျောက်ဆုံးသွားတယ်၊ အဲဒါဟာကို ရဲတပ်ဖွဲ့ကနေပြီးတော့ တပ်ကြပ်ကြီးကို သူတို့ပြန်ရှာကြတယ်၊ သူတို့ပြန်ရှာကြ တဲ့အခါကျတော့ ကောလဟာလသတင်း ထုတ်လွှင့်ခဲ့တဲ့သဘောပါပဲ၊ ကောလဟာလသတင်း ထုတ်လွှင့်လိုက်တဲ့အခါကျတော့ ရဲကပြန်လည်ပြီးတော့ ရှင်းလင်းရှာဖွေတဲ့အခါကျတော့ ပစ်ခတ်သတ်ဖြတ်တယ်ဆိုတဲ့ အနေအထားမျိုးရောက်အောင် ပုံဖော်တဲ့သဘောမျိုး ကျနော်တို့ တွေ့ရတယ်ဗျ၊ လုံခြုံရေးတပ်ဖွဲ့နဲ့ နယ်မြေအုပ်ချုပ်ရေးကို ပြန်လည်ပြီးတော့ သတင်းနဲ့ ထိုးနှက်တယ်လို့ ကျနော်တို့ ဒီလို သုံးသပ်ပါတယ်ခင်ဗျ”

ဒီလိုအထောက်အထား မတွေ့တဲ့အတွက် သတင်းတွေဟာ ကောလဟာလ သတင်းတွေသာဖြစ်ကြောင်း၊ အစိုးရဌာန အဖွဲ့အစည်းတွေက အခြေနေမှန်ကို သတင်းထုတ်ပြန်မှု နောက်ကျတဲ့အတွက် ဒီလို ကောလဟလတွေ ဖြစ်လာတာဖြစ်ကြောင်းလည်း ဝေဖန်ထောက်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။