ကချင်မှာ ဘိန်းခင်းဖျက်ဆီးမှုကို တားဆီးမှုမရှိကြောင်း အာဏာပိုင်တွေပြော
2016.02.17

ကချင်ပြည်နယ်အတွင်း အစိုးရဋ္ဌာနဆိုင်ရာတွေနဲ့ ကချင်လူမှုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့တွေ ပူးပေါင်းပြီး ဘိန်းခင်းဖျက်ဆီးရေး လုပ်ငန်းဆောင်ရွက်နေတာတွေကို အစိုးရတပ်မတော်နဲ့ ရဲတပ်ဖွဲ့က တားဆီးပိတ်ပင်မှုမရှိကြောင်း တပ်မတော်နဲ့ ပြည်နယ်ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ဒီနေ့ ပြောပါတယ်။
ဘိန်းဖျက်ဆီးရေးနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ်ရဲ တပ်ဖွဲ့ရုံးမှာ ဒီကနေ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ မှာ မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ်က ဗိုလ်မှူး ဝင်းမျိုးအောင်က ပြောခဲ့တာဖြစ်ပါတယ်။
"အချိန်ကာလအတိုင်းအတာ ဘယ်လောက်ကြာကြာ တပ်မတော်ကနေ ပါဝင်ပြီးတော့မှ ကူညီဆောင်ရွက်ပေး သွားမယ်ဆိုတဲ့အပိုင်းတွေ ညှိနှိုင်းဆွေးနွေးတာ အများကြီးရှိပါတယ်၊ တစ်ဘက်က ဖျက်မယ့်အဖွဲ့၊ တစ်ဘက်က စိုက်တဲ့အဖွဲ့ ဒီကြားထဲမှာ ပဋိပက္ခအသွင်ကို မဖြစ်စေလိုတဲ့အတွက်ကြောင့် ကျနော်တို့ တပ်မတော်၊ ပြီးတော့မှ ဒီဘက်က နယ်ဘက်ဌာနဆိုင်ရာ အကြီးအကဲ ရဲတပ်ဖွဲ့၊ နောက်ပြည်နယ်အစိုးရအဖွဲ့ ဌာနဆိုင်ရာပေါင်းစုံ နဲ့ ပေါင်းစပ်ပြီးတော့မှ ဝိုင်းပြီးထိန်းသိမ်းပေးတဲ့ အနေအထားမျိုးပဲရှိပါတယ်၊ အခုလည်း အကြီးအကဲများကိုယ်တိုင် ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှ အေးအေးချမ်းချမ်း ငြိမ်းငြိမ်းချမ်းချမ်းလေးဖြစ်သွားအောင် ဆောင်ရွက်လို့ရမယ်ဆိုတဲ့ အတိုင်းအတာအထိ ညှိနှိုင်းဆွေးနွေးနေတာရှိပါတယ်
ဘိန်းစိုက်ခင်းတွေမှာ ကွင်းဆင်းပြီး ဖျက်ဆီးချိန်မှာ နားလည်မှု လွဲမှားတာတစ်ချို့ရှိခဲ့ပေမယ့် အစိုးရတပ်မတော်နဲ့ ဌာနဆိုင်ရာတွေက ပူးပေါင်းကူညီမှုတွေရှိတယ်လို့ ဒီကနေ့ သတင်းစာရှင်းလင်းပွဲကို တက်ရောက်လာတဲ့ ကချင်လူမှုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ တာဝန်ရှိသူတွေကပြောပါတယ်။
ဒါ့အပြင် လတ်တလောမှာ ပြည်နယ်အတွင်း ဘိန်းခင်းတွေကို ဆက်လက်ဖျက်ဆီးနိုင်ရေးအတွက် ကချင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ မြောက်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ်တိုင်းမှူးတို့က ဆွေးနွေးညှိနှိုင်းနေတယ်လို့ သိရပါတယ်။
ကချင်ပြည်နယ်က ခရိုင်သုံးခုအတွင်း မြို့နယ်ရှစ်ခုမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလဆန်းပိုင်းကနေ ဒီကနေ့အထိ အစိုးရ တပ်မတော်၊ ရဲတပ်ဖွဲ့နဲ့ ဌာနဆိုင်ရာတွေအပါအဝင် ကချင်လူမှုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့တွေက ဘိန်းစိုက်ဧက သုံးထောင်ကျော်ကို ဖျက်ဆီးနိုင်ခဲ့တယ်လို့သိရပါတယ်။