လက်ပတ်ဖြူလှုပ်ရှားမှုမှာ ပါဝင်တယ်ဆိုပြီး ရဲတပ်ကြပ်တစ်ဦး ရာထူးချပြောင်းရွှေ့ခံရ


2015.04.24
white-armband-305 လက်ပံတန်းမြို့မှာ ကျောင်းသားသပိတ်စစ်ကြောင်း အကြမ်း ဖက်ဖြိုခွင်းခံရတာကို ကန့်ကွက်ရှုတ်ချတဲ့အနေနဲ့ လက်ပတ်ဖြူ လှုပ်ရှားမှုကို ရန်ကုန်မြို့မှာ မတ်လ ၁၃ ရက်နေ့က စတင်စဉ်
Photo: RFA

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့က ယာဉ်ထိန်းရဲ တပ်ကြပ်တစ်ဦးဟာ ကျောင်းသားတွေရဲ့ လက်ပတ်ဖြူ လှုပ်ရှားမှုမှာ ပါဝင်ခဲ့တယ်ဆိုတာကြောင့် ပြင်ဦးလွင် ကနေ မုံရွာမြို့ကို ရာထူးချပြီး တာဝန်ပြောင်းရွှေ့ ခံလိုက်ရကြောင်း ပြောပါတယ်။

အစိုးရဝန်ထမ်းဖြစ်တဲ့အတွက် နိုင်ငံရေးလှုပ်ရှားမှုတွေ မှာ ပါဝင်လို့မရကြောင်း ငြင်းဆန်ခဲ့ပေမယ့် လက်ပတ်ဖြူ ကို စည်းပေးခဲ့ပြီး အင်တာနက် ဖေ့စ်ဘွတ် (Facebook) မှာ ဓာတ်ပုံတွေ တင်ခံခဲ့ရတာကြောင့် ယာဉ်ထိန်းရဲ တပ်ကြပ်တာဝန်ကနေ ရဲတပ်ဖွဲ့တပ်သားအဖြစ် အပြစ်ပေးခံရတာဖြစ်တယ်လို့ ကာယကံရှင် တပ်ကြပ်ကိုကျော်မင်းထွန်းက အခုလို ပြောပါတယ်။

"ပြင်ဦးလွင်မှာ ကျနော်တို့ လက်ပတ်အစည်းခံရ တဲ့ကိစ္စတွေ ကျောင်းသားတွေကလေ၊ ကျနော်က တကယ်လည်းငြင်းဆန်ခဲ့ပါတယ်၊ ငြင်းဆန်ခဲ့တာကို သူတို့ကလက်ပတ်စည်းသွားခဲ့ပါတယ်ခင်ဗျ၊ အဲံဒါတွေကိုလေ အင်တာနက်တင်လိုက်တာဆိုတော့ ၊ ပြောပါတယ်ခင်ဗျ ကျနော်ဝန်ထမ်းဖြစ်ပါတယ်၊ အဲ့ဒီနိုင်ငံရေးလုပ်လို့မရပါဘူး ပတ်လို့လည်းမရပါဘူး ဆိုတာ ပြောပြပါတယ်ခင်ဗျ၊ ကျနော်က လူကြီးတွေဆီမှာ ပြောပြတဲ့အခါကျတော့ လက်မခံတဲ့ပုံ ဆုံးဖြတ်သွာပါတယ်ခင်ဗျ၊ အခုလည်းအဲ့လိုလည်းမလုပ်ပါဘူးပေါ့ တကယ်လည်း မပတ်ပါဘူးပေါ့၊ အဲ့ဒီလိုတွေဖြစ်သွားတဲ့အခါကျတော့ ကျနော်လည်း စိတ်မကောင်းပါဘူးခင်ဗျ မော်တော်ပီကယ် ကနေပြီးတော့ ရဲကိုပြောင်းခိုင်းတာ"

မတ်လ ၁၉ရက်နေ့က လက်ပံတန်းကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွဲခံရမှုကို ပြင်ဦးလွင်မြို့မှာ ကန့်ကွက်ဆန္ဒပြ ကြရာမှာ ပါဝင်သူတွေက အဖြူရောင်လက်ပတ်တွေ ဝတ်ဆင်ကြပြီး ရဲတပ်ကြပ်ကိုကျော်မင်းထွန်းကိုလည်း ဝတ်ဆင်စေခဲ့တာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်နေ့က တာဝန်ပြောင်းစာ ညွှန်ကြားချက်ထုတ်လိုက်တာဖြစ်ပြီး လာမယ့်ဧပြီလ ၂၈ ရက်နေ့မှာ မုံရွာမြို့မှာ စတင်တာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။

အဲ့ဒီလက်ပတ်ဖြူလှုပ်ရှားမှုတွေကို မတ်လ ၁၃ ရက်နေ့ကစပြီး မြို့ကြီးအတော်များများက လူစည်ကားရာနေရာတွေ မှာ ကျောင်းသားကျောင်းသူတွေနဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။