အကြမ်းဖက်အမှုနဲ့ ထိန်းသိမ်းခံခဲ့ရတဲ့ရဟန်းကို လိုင်စင်မဲ့ကားအမှုနဲ့ ပြန်ဖမ်း
2019.10.05
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)နဲ့ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ ဆရာတော်နှစ်ပါးကို စစ်တွေခရိုင်တရားရုံးက သက်သေမခိုင်လုံလို့ မနေ့က ပြန်လွှတ်ပေးလိုက်ပေမယ့် အဲဒီထဲက ဆရာတော်တစ်ပါးကို မှုခင်းရဲတပ်ဖွဲ့က နောက်ထပ်ပုဒ်မတစ်ခုနဲ့ အမှုဖွင့်ပြီး ဖမ်းဆီးလိုက်ပါတယ်။
ဒီဆရာတော်နှစ်ပါးဟာ ပုဏ္ဏားကျွန်းနဲ့ မြောက်ဦးမြို့က ကျောင်းထိုင်ဆရာတော်တွေဖြစ်ပြီး လူငယ် သုံးဦးနဲ့အတူ ဧပြီ ၁ရက်နေ့ကတည်းက တပ်မတော်က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)နဲ့ ထိန်းသိမ်း အမှုဖွင့်ထားတာပါ။
ခြောက်လအကြာမှာ စစ်ဆေးပေါ်ပေါက်ချက် မရှိတာကြောင့် မနေ့က စစ်တွေခရိုင်တရားရုံးက လွှတ်ဖို့ အမိန့်ချလိုက်ပြီးတဲ့နောက် ပုဏ္ဏားကျွန်းက ဆရာတော်ကို မှုခင်းရဲတပ်ဖွဲ့က တရားလိုလုပ်ပြီး အမှုထပ်ဖွင့်လိုက်တာလို့ သူတို့ရဲ့ ရှေ့နေ ဦးသန်းထွန်း က ပြောပါတယ်။
ဒီလို အမှုထပ်ဖွင့်ပြီး ဖမ်းဆီးလိုက်တဲ့အပေါ် ဝေဖန်သူတွေ ရှိနေပါတယ်။
စတင်ဖမ်းဆီးခံရချိန်မှာ အသုံးပြုတဲ့ ကားဟာ လိုင်စင်မဲ့ကားဖြစ်တယ်ဆိုပြီး ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ နဲ့ အမှုဖွင့်တာလို့ တရားလွှတ်တော်ရှေ့နေ ဦးသန်းထွန်းက ဆိုပါတယ်။
အစောကတည်းကဆို နှစ်မှုစလုံး ပြတ်တဲ့ကိစ္စပဲ။ တစ်ခုပြီးမှ တစ်ခုဆိုတော့ မလုပ်သင့်တော့ဘူးလို့ ကျွန်တော်တို့က မြင်တယ်လေ
"၅၂(က)နဲ့ တရားစွဲတဲ့အခါ ဒီလိုင်စင်မဲ့ကားဆိုတာနဲ့ တစ်ခါတည်း တစ်ပြိုင်တည်း အမှုဖွင့်လို့ရတယ်။ မဖွင့်ခဲ့ဘူး။ အခုမှ ဒီအမှုပြီးတဲ့ဟာ လွတ်တဲ့ဟာ ကြားတာနဲ့ မှုခင်းတပ်ဖွဲ့က ချက်ချင်းရမန် တောင်းယူတာ။ အစောကတည်းကဆို နှစ်မှုစလုံး ပြတ်တဲ့ကိစ္စပဲ။ တစ်ခုပြီးမှ တစ်ခုဆိုတော့ မလုပ်သင့်တော့ဘူးလို့ ကျွန်တော်တို့က မြင်တယ်လေ"
ဒီအမှုမှာ တရားလိုဖြစ်တဲ့ ရဲအုပ် ညီညီဟာ အရင်အမှုဖြစ်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က) နဲ့ တပ်မတော်က အမှုဖွင့်ထားစဉ်မှာ အမှုစစ် ဖြစ်တယ်လို့လည်း ဦးသန်းထွန်းက ပြောပါတယ်။
ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဟာ အာမခံရနိုင်တဲ့အတွက် ဒီဆရာတော် မကြာခင် လွတ်မြောက်လာမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီဆရာတော်ဟာ မနေ့က တရားရုံးချိန်းအပြီးမှာ သတိလစ်သွားတဲ့အတွက် စစ်တွေဆေးရုံမှာ ကုသမှုခံယူနေတယ်လို့ သိရပါတယ်။
မြောက်ဦးမြို့က မြို့ဦးခေါင်းကျောင်းတိုက် ဆရာတော် အရှင်ဝဏ္ဏသာရက မသင်္ကာလို့ ဖမ်းဆီး စစ်ဆေးခံခဲ့ရပြီးနောက် လွတ်လာချိန်မှာ သံဃာတစ်ပါးကို အမှုထပ်ဖွင့်လိုက်တာ မဖြစ်သင့်ဘူးလို့ မိန့်ပါတယ်။
"မဖြစ်သင့်တဲ့ဟာတွေကို မဖြစ်အောင် လူကြီးတွေအနေနဲ့ သတိထား ဆင်ခြင်သင့်တယ်လို့ မြင်တယ်။ နောက်နောင်လည်း ဒီလိုမျိုးမဖြစ်အောင် ကြိုးစားစေချင်တယ်ပေါ့"
ဝံလက်ဖောင်ဒေးရှင်း ဒါရိုက်တာ ဦးခိုင်ကောင်းစံ ကလည်း အခုလို ပြောပါတယ်။
ဒါမျိုးက မဖြစ်သင့်ဘူးပေါ့နော်။ ဒါမျိုးက ရည်ရွယ်ချက်ရှိရှိ အကျဉ်းကျအောင် လုပ်ဆောင်သလို ဖြစ်နေတာပေါ့
"ဒါမျိုးက မဖြစ်သင့်ဘူးပေါ့နော်။ ဒါမျိုးက ရည်ရွယ်ချက်ရှိရှိ အကျဉ်းကျအောင် လုပ်ဆောင်သလို ဖြစ်နေတာပေါ့။ ပြောချင်တာကတော့ တကယ်လို့သာ အဲဒီဆရာတော်ရဲ့ ကားသာ လိုင်စင်မဲ့ကားဆိုရင် အစောကြီးကတည်းက နဂိုကတည်းက မော်တော်ယာဉ်ဥပဒေနဲ့ လုပ်သင့်တာပေါ့။ အခုက အမှုတစ်ခုလွတ်သွားလို့ နောက်တစ်မှုနဲ့ စွဲတယ်ဆိုတာမျိုးက ဥပဒေကြောင်းအရ ဆိုတာထက် မဖြစ်သင့်ဘူးလို့ မြင်တာပေါ့။ လိုင်စင်မဲ့ကား စီးတာကလည်း အများကြီးပဲပေါ့။ ဒါမျိုးကို တကယ်စိစစ်ပြီး သေချာစစ်ဆေးသင့်တာပေါ့။ အခုတော့ ဒီလိုအမှုဖြစ်မှ နောက်တစ်မှုနဲ့ ချိတ်ဆက်တယ်ဆိုတာကြီးက မဖြစ်သင့်ဘူးလို့မြင်တယ်"
စတင်ဖမ်းဆီးခံရချိန်မှာ ဒီဆရာတော်နှစ်ပါးနဲ့အတူ လူငယ် သုံးဦးဟာ ကျောက်တော်မြို့နယ် ကန်စောက်ကျေးရွာကို ကားနဲ့ သွားရောက်စဉ်မှာ တပ်မတော်က မသင်္ကာလို့ စစ်ဆေးပြီး ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
လူငယ် သုံးဦးကတော့ ရသေ့တောင်၊ ပုဏ္ဏားကျွန်းနဲ့ ပေါက်တောမြို့နယ်တွေမှာ နေထိုင်သူတွေဖြစ်ပြီး AA ရက္ခိုင့်တပ်တော်ကို အားပေးကူညီတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပဲ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)နဲ့ အမှု ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်ပါတယ်ရှင်။
(RFA သတင်းထောက် မဇင်မာဝင်း ပေးပို့သည်)