PNLO နဲ့ SSA ခေါင်းဆောင် များ တွေ့ဆုံဆွေးနွေးကြမည်
2014.09.15

ရှမ်းပြည်နယ် မောက်မယ်မြို့နယ် ကဒူးကြီးဒေသ နောင်တောင်ကီကျေးရွာမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၃ ရက်နေ့က ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO နဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA တို့အကြား ဖြစ်ပွား ခဲ့တဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး နှစ် ဖက်ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးကြမယ်လို့ သိရပါတယ်။
တိုက်ပွဲတွေဆက်မဖြစ်ဖို့အတွက် လာမယ့် စက်တင်ဘာ လ ၁၅ ရက်နေ့မတိုင်ခင် ဆွေးနွေးမှာဖြစ်တယ်လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဥက္ကဌ ဦးခွန်မြင့်ထွန်းက အခုလိုပြောပါတယ်။
"ရက်အတိအကျတော့ ပြောလို့မရသေးဘူး ဘာဖြစ်လို့လဲဆိုတော့ သူ့ဖက်ကိုယ့်ဖက်က သွားလာမှုကအစ လိုအပ်တာလေးတွေ ပြင်ဆင်တာပဲရှိသေးတယ်၊ ဒါပေမဲ့လို့ ၁၅ ရက်မတိုင်ခင်မှာတော့ ကျနော်တို့သွားဖို့ရှိပါတယ်၊ တစ်ဖက်နဲ့တစ်ဖက်ပြဿနာတွေ ဖြစ်ခဲ့တာဖြေရှင်းပြီး နောက်ထပ်မဖြစ်ဖို့လေ တစ်ဖက်နဲ့တစ်ဖက် အေးအေးချမ်းချမ်းနဲ့ နားလည်မှုရှိရှိ ဆက်လက်ရပ်တည်သွားနိုင်ဖို့ အဓိကကတော့ အဲ့ဒီအချက်ပါပဲ"
စက်တင်ဘာလ ၃ ရက်နေ့ မနက်က ၄ နာရီကြာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ နှစ်ဘက်ထိခိုက်ကျဆုံးမှုတွေရှိပေမဲ့ သတင်းမထုတ်ပြန်ဖို့ သဘောတူထားတယ်လို့ ဦးခွန်မြင့်ထွန်းက ပြောပါတယ်။
ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ကို ကဒူးကြီးဒေသကနေ ထွက်သွားဖို့ RCSS/SSA က သြဂုတ်လ ၃ ရက်၊ ၁၅ ရက်နဲ့ ၂၃ ရက်နေ့တွေမှာ စာတွေပေးပို့ခဲ့ပြီး စက်တင်ဘာလ ၃ရက်နေ့မှာ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။