စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး ပူးပေါင်းသွားမယ်လို့ အပစ်ရပ် PNLO အဖွဲ့ကြေညာ
2024.01.26

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး ပြည်သူတစ်ရပ်လုံး လိုလားနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီရရှိတဲ့အထိ ဘဝတူညီနောင်မဟာမိတ်တွေနဲ့အတူ ဆင်နွှဲသွားမယ်လို့ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) က ဇန်နဝါရီလ ၂၆ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA) လက်မှတ်ရေးထိုးခဲ့ချိန်ကနေ အခုချိန်အထိ ရှစ်နှစ်ကြာ NCA စာချုပ်ကို မချိုးဖောက်ဘဲ ရပ်တည်ခဲ့ပေမဲ့ အာမခံချက်ရှိတဲ့ နိုင်ငံရေးရလာဒ် မရခဲ့ဘူးလို့ ဆိုပါတယ်။
လက်ရှိစစ်ရေးပဋိပက္ခအတွင်းမှာ ပအိုဝ်းအမျိုးသားအချင်းချင်း အပြန်အလှန် ပစ်ခတ်တိုက်ခိုက်တာတွေ မလုပ်ကြောင်းနဲ့ စစ်ကောင်စီလက်အောက်မှာရှိတဲ့ ပအိုဝ်းအမည်ခံလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ အမျိုးသားလွတ်မြောက်ရေးလမ်းကြောင်းပေါ် ကူးပြောင်းကြဖို့လည်း တိုက်တွန်းထားပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် စံဖူးရွာမှာ ဇန်နဝါရီလ ၂၁ ရက်နေ့က ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA/PNLO) ယာဉ်တန်းကို စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်အဖွဲ့တွေက တားဆီးရာကနေ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
ဒီဖြစ်စဉ်ကြောင့် စစ်မီးမကူးဆက်အောင် စစ်ကောင်စီနဲ့ ညှိနှိုင်းခဲ့ပေမဲ့ မအောင်မြင်ဘဲ ဇန်နဝါရီလ ၂၂ ရက်နေ့မှာ စစ်ကောင်စီက PNLO ဌာနချုပ်အနီးမှာရှိတဲ့ နောင်ထော်ရွာကို တိုက်ပွဲဖြစ်တာမရှိဘဲ လေယာဉ်နဲ့ ဗုံးကြဲတာကြောင့် အရပ်သားတွေ သေဆုံးခဲ့ရတယ်လို့လည်း ဆိုပါတယ်။
အခုလို တိုက်ပွဲမဖြစ် ဖြစ်အောင် စစ်ကောင်စီက ဖန်တီးနေတာကြောင့် NCA ပျက်စီးသွားပြီလို့ ယူဆကြောင်း PNLA က ရဲဘော် ခွန်နေတိုးက RFA ရှမ်းတိုင်းရင်းသားဘာသာ အစီအစဉ်ကို ပြောထားပါတယ်။
အခုဖြစ်နေတဲ့ စစ်ရေးပဋိပက္ခဟာ လူမျိုးရေးပဋိပက္ခမဟုတ်ဘဲ စစ်အာဏာရှင် ယန္တရားကို ဖော်ဆောင်တဲ့သူတွေနဲ့ အဖိနှိပ်ခံ တိုင်းရင်းသားတွေနဲ့ တစ်ပြည်လုံးက ပြည်သူတွေကြား ဖြစ်တဲ့ ပဋိပက္ခလို့လည်း PNLO ကြေညာချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိ ဆီဆိုင်မြို့နယ်အထိ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA/PNLO) နဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီဘက်က ဇန်နဝါရီ ၂၅ ရက်နေ့မှာ လေကြောင်းကနေ အကြိမ် ၂၀ ခန့် တိုက်ခိုက်ခဲ့တယ်လို့ PNLO က သတင်းထုတ်ပြန်ထားပါတယ်။