တိုက်ပွဲပြင်းထန်နေတဲ့ ဆီဆိုင်မြို့မှာ ပိတ်မိနေသူတွေ ရှိနေ
2024.01.24
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့မှာ ဇန်နဝါရီလ ၂၄ ရက်နေ့ညက စစ်ကောင်စီတပ်တွေ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် နေအိမ်တွေမီးလောင်နေပြီး ပိတ်မိနေသူတွေရှိတယ်လို့ မြို့ခံတွေက RFA ကို ပြောပါတယ်။
ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက ဆီဆိုင်မြို့ကို လက်နက်ကြီးတွေ၊ လေယာဉ်နဲ့ပါ တိုက်ခိုက်နေတာလို့ ဒေသခံတွေက ဆိုပါတယ်။
ဒီလိုတိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးတိမ်းရှောင်ကြသူတွေ ရှိပေမဲ့လည်း အခုမြို့အဝင်အထွက် လမ်းအားလုံး အပိတ်ခံထားရတာကြောင့် ပိတ်မိနေသူတွေရှိတယ်လို့ မြို့တွင်းမှာ ပိတ်မိနေတဲ့ ဆီဆိုင်မြို့ခံတစ်ဦးက ပြောပါတယ်။
“ မြို့အဝင်အထွက်တွေကို ပိတ်ထားတဲ့အတွက် အပြင်ထွက်လို့မရတော့ဘူး။ ဒီမှာပဲအိပ် ဒီမှာပဲနေရမှာပေါ့။ ဆန်တော့နည်းနည်းပါးပါးရှိသေးတယ်။ အဲတာနဲ့ပဲ အဆင်ပြေသလိုနေရမှာပေါ့။ ရပ်ကွက်တွေ မီးလောင်တယ်လို့လည်း ကြားတယ်။ အရင်က အပြင်ထွက်လို့ရသေးတယ်ပြောတယ်။အခုတော့ ဘယ်ပဲသွားသွားပိတ်ထားတယ်ဆိုတော့ ပိတ်မိနေတဲ့သူအတော်များတယ်။ အပြင်ထွက်ခွင့်ပေးမယ်ဆို အဆင်ပြေတာပေါ့။ တခြားနေရာမှာ သွားရှောင်နေချင်တာ။ အခုမိသားစုနဲ့ကလေးတွေနဲ့ ရှိနေတယ်ဆိုတော့လေ။”
ဆီဆိုင်မြို့အတွင်း တိုက်ပွဲတွေနဲ့ ပိတ်မိနေသူတွေအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးဝန်ကြီးဦးခွန်သိန်းမောင်ကို RFA က မေးမြန်းဖို့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။
ဇန်နဝါရီ ၂၂ ရက်နေ့ညကလည်း တိုက်ပွဲမရှိဘဲ ဆီဆိုင်မြို့ထဲကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နောင်ထောင်ကျေးရွာမှာ ခိုလှုံနေတဲ့ ကရင်နီပြည်က စစ်ဘေးဒုက္ခသည်နှစ်ဦး သေဆုံးခဲ့ပါတယ်။ ဆီဆိုင်မြို့ခံတွေဟာ ဇန်နဝါရီ ၂၃ ရက်နေ့ကစပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ကြတာကနေ ဇန်နဝါရီ ၂၄ရက်နေ့ ညနေပိုင်းမှာတော့ မြို့အဝင်အထွက် အပိတ်ခံလိုက်ရတာဖြစ်ပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) တို့အကြား ဇန်နဝါရီလ ၂၁ ရက်နေ့က ဟိုပုံးမြို့နယ် စံဖူးကျေးရွာအနီးမှာ တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့ရာကနေ အခုလိုစစ်ရေးပြင်းထန်လာတာဖြစ်ပါတယ်။
ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO/PNLA) ကတော့ ပအိုဝ်းပြည်သူတွေ အတွက် လုံခြုံရေးအရ လှုပ်ရှားဆောင်ရွက်နေတာဖြစ်တယ်လို့ ဇန်နဝါရီ ၂၄ ရက်နေ့ညက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပေမဲ့ စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်နေတာကိုတော့ ထည့်သွင်းဖော်ပြထားတာ မရှိပါဘူး။