နိုင်ငံရေးအကျဉ်းသား အကန့်အသတ်နှင့် လွှတ်ပေးနေသည့်အပေါ် AAPP ဝေဖန်
2012.09.18

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ ဆောင်ရွက်နေပါတယ်ဆိုတဲ့ ဦးသိန်းစိန်အစိုးရဟာ အနောက်နိုင်ငံတွေဆီက ဖြေလျှော့မှုတွေ ပိုမိုရရှိအောင် ရာနဲ့ချီ ထိန်းသိမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အသုံးချနေတာ ဖြစ်ကြောင်း၊ နိုင်ငံရေး အကျဉ်းသားတွေဟာ ဦးသိန်းစိန်ရဲ့ မူဝါဒတွေအတွက် အနောက်နိုင်ငံတွေနဲ့ အပေးအယူ ဈေးဆစ်စရာ သားကောင်တွေသာ ဖြစ်နေရကြောင်း AAPP တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်က ပြောပါတယ်။
ပြုပြင်ပြောင်းလဲရေးနဲ့ အမျိုးသား ရင်ကြားစေ့ရေးအတွက် သမ္မတ ဦးသိန်းစိန်သာ ရိုးရိုးသားသား ဆန္ဒရှိမယ်ဆိုရင် သူ့ရဲ့အစိုးရဟာ နိုင်ငံရေးအကျဉ်းသားတွေ ဖမ်းဆီးထားတယ် ဆိုတာကို အသိအမှတ်ပြုပြီး ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ လိုကြောင်း ဒါပေမဲ့ အစိုးရဟာ နိုင်ငံရေးအကျဉ်းသား ရယ်လို့မရှိဘဲ ရာဇဝတ်မှုနဲ့ ထောင်ကျနေသူတွေသာ ရှိတယ်လို့ တလျှောက်လုံး ပြောဆိုနေကြောင်းလည်း ကိုဘိုကြည်က ဝေဖန်ပါတယ်။
တနင်္လာနေ့ကလွတ်ငြိမ်းချမ်းသာခွင့်နဲ့ နောက်ဆုံးအကြိမ် ပြန်လွှတ်လိုက်တဲ့ အကျဉ်းသား (၅၀၀) ကျော်မှာ နိုင်ငံခြားသား ၄၀၀ လောက်နဲ့ နိုင်ငံရေး အကျဉ်းသား ၉၀ လောက်သာ ပါဝင်ပြီး ရာဂဏန်းလောက် ကျန်ရှိနေသေးကြောင်း လူ့အခွင့်အရေး အဖွဲ့တွေနဲ့ နိုင်ငံရေး အင်အားစုတွေက ပြောဆိုကြပါတယ်။