ပင်လောင်း ဒုက္ခသည်စခန်းတွေမှာ ဖျားနာသူများအတွက် ဆေးဝါး အကူအညီ လိုအပ်

RFA Burmese
2023.03.29
ပင်လောင်း ဒုက္ခသည်စခန်းတွေမှာ ဖျားနာသူများအတွက် ဆေးဝါး အကူအညီ လိုအပ် ပင်လောင်းမြို့သို့ ထွက်ပြေးတိမ်းရှောင်လာကြသည့် စစ်ဘေးဒုက္ခသည်များကို ၂၀၂၃ ခုနှစ် မတ်လ ၂၆ ရက်နေ့က တွေ့ရစဉ်။
ကြယ်တံခွန်လူမှုကူညီရေးပရဟိအသင်း

ရှမ်းပြည်နယ် တောင်ပိုင်း၊ ပင်လောင်းမြို့နယ်အတွင်းက ဒုက္ခသည်စခန်းတွေမှာ အခုရက်ပိုင်း ဖျားနာသူတွေ ပိုများလာတာကြောင့် ဆေးဝါးတွေ အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ဒုက္ခသည်စခန်းမှာ နေထိုင်သူတွေနဲ့ သူတို့ကို ကူညီပေးနေသူတွေက RFA ကို ပြောပါတယ်။

ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ ပိုမိုဖျားနာကြတယ်လို့ တောင်မဲသင်း ကျေးရွာကနေ ပင်လောင်းမြို့ပေါ် ဒုက္ခသည်စခန်းကို လာရောက် တိမ်းရှောင်နေသူ အမျိုးသားတစ်ဦးက ပြောပါတယ်။

“ဖျားကြတယ်၊ ချောင်းဆိုးကြတယ်။ စခန်းတစ်ခုမှာ လူက ၂၅၀ လောက်ရှိတာ စုပြီး နေကြရတော့ ကူးစက်ကြတာလည်းပါတယ်။ တစ်နေရာမှာ ကလေးလူကြီး ဆယ်ယောက် ဆယ့်ငါးယောက်လောက် ဖျားနာကြတယ်။ အဓိက ဒီမှာက ဆေးဝါး လိုတာပေါ့နော်။ စားစရာက ၁၀ ရက်စာလောက်တော့ အဆင်ပြေနေသေးတယ်”

ကျန်းမာရေးဆိုးရွားတဲ့သူတွေကို ပင်လောင်းဆေးရုံကို ပို့ဆောင်ကြရပြီး သာမန်ဖျားနာ ချောင်းဆိုးသူတွေကိုတော့ နယ်လှည့် ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့ အဖွဲ့တွေက ဒုက္ခသည်စခန်းတွေမှာ လိုက်လံကုသပေးနေတယ်လို့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူ ခွန်ကျော်ရွှေက ပြောပါတယ်။

“အခုက ကျန်းမာရေး မကောင်းတဲ့သူတွေ ပိုများလာတယ်။ ဖျားနာတာ တုပ်ကွေး ဖြစ်တာတွေရှိတော့ အခုကျနော်တို့ နယ်လှည့် ကျန်းမာရေး စောင့်ရှောက်မှုပေးတဲ့ အဖွဲ့တွေနဲ့ ကုသပေးနေရတယ်။ အဓိက လိုအပ်နေတာက ဆေးဝါးတွေ ပေါ့နော်။ ဆေးဝါးတွေက ဈေးကြီးတော့ ဆေးကုသရေးအပိုင်းမှာ ကုန်ကျစရိတ်တွေက ပိုများနေတယ်။ အဓိကဆေးဝါး လိုအပ်တာပေါ့”

ဒုက္ခသည်တွေ အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ် ပြောခွင့်ရ စီးပွားရေး ဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းစက်ပိတ်ထားတဲ့အတွက် ဆက်သွယ်လို့ မရသေးပါဘူး။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် အတွင်းမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က စပြီး စစ်ကောင်စီနဲ့ ကရင်နီ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေကြား တိုက်ပွဲ ဖြစ်ခဲ့လို့ တောင်မဲသင်း၊ နမ့်နိန်း၊ တောင်စလုံ၊ မြောက်စလုံ၊ လုံးပျဉ်၊ ဆောင်းပြောင်း၊ ပင်ပုံစတဲ့ ကျေးရွာတွေက ဒေသခံ ၅၀၀၀ ကျော်ဟာ ပင်လောင်းမြို့ပေါ်နဲ့ နောင်တရား မြို့နယ်အတွင်းကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

ထွက်ပြေးလာသူတွေကို ဒုက္ခသည်စခန်း ၁၇ ခု လောက်အထိ ဖွင့်လှစ်ပြီး အကူအညီပေးနေရတယ်လို့ ဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ အခု မတ်လ ၂၁ ရက် ထုတ်ပြန်ချက်မှာတော့ ၂၀၂၃ ခုနှစ် မတ်လ ၁၃ ရက်နေ့အထိ နိုင်ငံတစ်ဝန်းမှာ စစ်ဘေးဒုက္ခသည်ပေါင်း ၁ ဒသမ ၇ သန်း ရှိနေတယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။