မဖြူနှင်းထွေးနဲ့ ၁၆ ဦးကို သွေးထိုး သူတွေအဖြစ်


2015.02.05
phyu-hin-htwe-305.jpg အဖမ်းခံရတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် မန္တလေးခရိုင်က မဖြူနှင်းထွေးပုံ
Photo: Jasmine Black Facebook

တရုတ်ဝမ်ပေါင်ကုမ္ပဏီနဲ့ စစ်တပ်ရဲ့ ဦးပိုင်ကုမ္ပဏီတို့ရဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှာ မြေယာ အသိမ်းခံထားရတဲ့ ဒေသခံတောင်သူတွေကို ကူညီနေ တဲ့ လူငယ်ကျောင်းသားတွေနဲ့ ဒေသခံ တချို့ကို ရပ်ရွာအေးချမ်းသာယာရေး ပျက်အောင်သွေးထိုး လှုံ့ဆော်သူတွေအဖြစ် ရဲတပ်ဖွဲ့က စွပ်စွဲပြီး ဖမ်းဝ ရမ်းကြေညာချက် အသစ်တစ်စောင် ထုတ်ပြန်လိုက်တယ် လို့ သိရပါတယ်။

ကိုဟန်ဝင်းအောင်၊ ကိုဗထူးနဲ့ မဖြူနှင်းထွေးအပါအဝင် လူငယ်ကျောင်းသား ၉ ယောက်နဲ့ မိုးကြိုးပြင်၊ ဆည်တည်းနဲ့ တုံရွာက ဒေသခံ ၈ ယောက်၊ စုစုပေါင်း ၁၇ ယောက်ကို ဆားလင်းကြီး မြို့နယ်ရဲတပ်ဖွဲ့က အမှုဖွင့်အရေးယူထားတယ်ဆိုပြီး ကြေညာချက် တစ်စောင် ထုတ်ပြန်ထားတာပါ။

ဒါကြောင့် မဖြူနှင်းထွေးကို ဆက်သွယ်မေးမြန်းတဲ့အခါ အဲ့ဒီလို ဝရမ်းထုတ်ခံရတာ ဟုတ်မှန်တယ်လို့ RFA ကိုပြောပါတယ်။

"၂၂ ရက်နေ့ သူတို့က အကြမ်းဖက် ခြံစည်းရိုးခတ်တာလေ၊ ဒေသခံတွေက သူတို့လျော်ကြေးမယူ ထားတဲ့အတွက် ဒီနေရာကို ခြံစည်းရိုးမခတ်ဖို့အတွက် အဲ့လိုမျိုးတားတာပေါ့၊ တားတဲ့အခါကျတော့ အဲ့မှာညီမကလည်း လိုက်ပြီးတော့ကူညီတဲ့အခါကျတော့ အဲ့ဒါကိုသူတို့က ညီမကိုအဲ့လိုမျိုး သွေးထိုး လှုံ့ဆော်တယ် ပြောပြီးတော့အဲ့ဒါ ညီမကိုပုဒ်မတပ်ပြီး ဝရမ်းထုတ်တာပါ"

ဝရမ်းထုတ်ခံရတဲ့ ဒေသခံ ၈ ဦးမှာတော့ အမျိုးသား ၃ ဦးနဲ အမျိုးသမီး ၅ ဦးဖြစ်ပြီး၊ အဲဒီထဲမှာ ဆည်တည်းရွာက မဝင်းဝင်းဌေးကို အမှု ၄ မှု၊ မရီရီဝင်းကို ၈ မှု၊ မခင်ငြိမ်းကို ၁၁ မှုဆိုပြီးဖော်ပြထားပါတယ်။

အဲ့ဒီဒေသခံတွေဟာ မြေယာလျော်ကြေးရော၊ သီးနှံလျော်ကြေးပါမယူဘဲ ငြင်းဆန်ထားတဲ့အပြင် သိမ်းထားတဲ့ လယ်တွေပြန်ပေးဖို့ တိုက်ပွဲဝင်နေကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။