ဓာတ်ပုံသတင်းထောက် ကိုဇော်ဇော် အာဏာဖီဆန်လာအောင်လုပ်မှုနဲ့ စွဲချက်တင်ခံရ

2022.07.01
ဓာတ်ပုံသတင်းထောက် ကိုဇော်ဇော် အာဏာဖီဆန်လာအောင်လုပ်မှုနဲ့ စွဲချက်တင်ခံရ ဧရာ၀တီသတင်းထောက် ကိုဇော်ဇော် ကို ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့မှာ ၂၀၁၇ ဩဂုတ်လ ၁၈ ရက်နေ့က တွေ့ရစဉ်
Photo: RFA

ဧရာဝတီသတင်းဌာနမှာ အလုပ်လုပ်ကိုင်ခဲ့တဲ့ ဓာတ်ပုံသတင်းထောက် ကိုဇော်ဇော်ကို စစ်ကောင်စီရဲ့ မန္တလေး အိုးဘိုထောင် အထူးတရားရုံးတစ်ခုကနေ ဇွန်လ ၂၉ ရက်နေ့က အာဏာဖီဆန်လာအောင်ပြုလုပ်မှု ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (က) နဲ့ စွဲချက်တင် အမိန့်ချလိုက်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ သူ့ရဲ့အကျိုးဆောင်ရှေ့နေတစ်ဦး က RFA ကို ပြောပါတယ်။

“ပုဒ်မ ၅၀၅ (က) နဲ့ စွဲချက်တင် အမိန့်ချလိုက်တယ်။ ဆန္ဒပြသပိတ်စစ်ကြောင်းတွေမှာ လိုက်ပါတာ၊ စစ်အာဏာ သိမ်းပြီးတဲ့နောက်မှာ အစိုးရအဖွဲ့ရဲ့ လှုပ်ရှားမှုဓာတ်ပုံတွေ၊ နိုင်ငံရေးဓာတ်ပုံတွေကို ရန်ကုန်မှာရှိတဲ့ ဧရာဝတီ သတင်းဌာနရုံးချုပ်ကို ပို့ခဲ့တာနဲ့ မန္တလေး ဆန္ဒပြပြည်သူတွေရဲ့ ဓာတ်ပုံတွေကို ဇော်ဇော် ဒိုင်ယာနာ ဖေ့ဘွတ်ခ်အကောင့် ကနေ ပြည်သူတွေ အထင်အမြင်လွဲအောင်၊ နိုင်ငံတော် အကြည်ညိုပျက်စေအောင် ပို့စ်တွေ တင်ခဲ့တယ်ဆိုပြီးတော့ ၅၀၅ (က) နဲ့ စွဲတာပေါ့”

ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၅၀၅ (က) ဟာ တပ်မတော်သားတွေကဖြစ်စေ၊ အစိုးရ ဝန်ထမ်းတွေကဖြစ်စေ၊ အစိုးရ ဒါမှမဟုတ် တပ်မတော်အပေါ်မှာ မေတ္တာပျက်စေအောင်၊ စည်းကမ်းဖီဆန်အောင်၊ သစ္စာမဲ့အောင်၊ စိတ်ဓာတ်တက်ကြွမှု၊ စည်းကမ်းသေဝပ်မှု၊ ကျန်းမာမှု၊ ဝတ္တရားဆောင်ရွက်မှုတွေကို ယုတ်လျော့စေအောင်၊ ထိခိုက်စေအောင်၊ တားမြစ်စေအောင်၊ အနှောင့်အယှက်ပြုစေအောင်၊ ပျက်စီးစေအောင် ကြံရွယ်တာ စတဲ့ အချက်တွေအတွက် ပြဋ္ဌာန်းထားတာပါ။ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် နှစ်နှစ်အထိ ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တဲ့ ပုဒ်မတစ်ခု ဖြစ်ပါတယ်။

ဒီပုဒ်မဟာ စစ်အာဏာသိမ်းပြီးနောက် ထပ်မံဖြည့်စွက်ပြဋ္ဌာန်းလိုက်တဲ့ ပုဒ်မတစ်ခုဖြစ်တယ် လို့ ကိုဇော်ဇော်ရဲ့ ရှေ့နေက ပြောပါတယ်။

ကိုဇော်ဇော်အမှုကို မန္တလေး၊ အောင်မြေသာဇံမြို့နယ် အမှတ် (၁) ရဲစခန်းမှူး ရဲအုပ် မြင့်လွင်က ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) နဲ့ တရားလိုပြုလုပ် စွဲဆိုထားတာဖြစ်ပြီး အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း အိုးဘိုထောင်တွင်း အထူးတရားရုံးမှာ ရုံးထုတ်စစ်ဆေးနေတာ လည်း ဖြစ်ပါတယ်။

“သူ့ ကျန်းမာရေး အခြေအနေလည်း ကောင်းပါတယ်။ လာမယ့် ၆ ရက်နေ့ သူ့ (ကိုဇော်ဇော်) ကို စစစ်မယ်။ ပြီးခဲ့တဲ့ ဇွန်လ ၁၆ ရက်နေ့က တရားလိုပြသက်သေတွေ အားလုံးကို စစ်သွားတာ တစ်ရက်တည်း ပြီးသွားတယ်”လို့ သူနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

အသက် ၃၅ နှစ်ရှိပြီဖြစ်တဲ့ ကိုဇော်ဇော်ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဧရာဝတီ သတင်းဌာနမှာ အလုပ်ဆက်မလုပ်တော့ဘဲ မိသားစုနဲ့အတူ မန္တလေးမြို့မှာ ဆက်လက်နေ ထိုင်ခဲ့တာပါ။ သူဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁၀ ရက် နေ့က အလှူတစ်ခုကအပြန် အဖမ်းခံခဲ့ရတာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီ သတင်းမှန် ပြန်ကြားရေးအဖွဲ့ရဲ့ မေလ ၂၀ ရက်နေ့က ထုတ်ပြန်ချက်မှာတော့ အောင်မြေသာဇံ မြို့နယ်၊ ဒေါနုဘွား ရပ်ကွက်နေ ဇော်ဇော်အောင် (ခ) ဇော်ဇော်ဟာ Zaw Zaw Diana ဖေ့စ်ဘွတ်ခ်အကောင့်ကို သုံးပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ပျက်ပြား စေအောင် ရည်ရွယ်ချက်နဲ့ လှုံ့ဆော်တာ၊ ဝါဒဖြန့်တာတွေ ဆောင်ရွက်ခဲ့တယ်လို့ စွပ်စွဲ ထားပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သတင်းသမားတွေဟာ ဖိနှိပ်ခံနေရဆဲဖြစ်ပြီး RFA က သီးခြား ပြုစုထားတဲ့စာရင်းတွေအရ အာဏာသိမ်းတစ်နှစ်ကျော်အတွင်း အဖမ်းခံရတဲ့ သတင်းသမားပေါင်း ၁၃၁ ဦး ရှိနေပြီး အဲဒီအထဲက ၆၁ ဦးက အချုပ်နဲ့ အကျဉ်းထောင် အသီးသီးမှာ ဆက်လက်ထိန်းသိမ်းခံနေကြရဆဲ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။