နိုင်ငံအတွက် အလင်းပြခဲ့တဲ့ လူငယ်တွေကို မမေ့လျော့ ဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း


2017.03.13
phonemaw-soenaing-620.jpg ကိုဖုန်းမော်၊ ကိုစိုးနိုင် ကျဆုံးခြင်း ၂၉ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို ရန်ကုန်စက်မှုတက္ကသိုလ်မှာ မတ်လ ၁၃ ရက်နေ့က ကျင်းပစဉ်
Photo: Mee Mee Facebook

လုံခြုံရေးရဲတပ်ဖွဲ့ဝင်တို့ရဲ့ ပစ်ခတ်မှုကြောင့် ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားတွေဖြစ်ကြတဲ့ ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ ကျဆုံးခဲ့တဲ့ လွန်ခဲ့တဲ့ ၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့ဟာ မတ်လရဲ့ သမိုင်းမှတ်တမ်း တစ်ခုဖြစ်ကြောင်း ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ ကျဆုံးတဲ့ ၂၉ နှစ်မြောက် အခမ်းအနားထံပေးပို့တဲ့ နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဝဏ်လွှာမှာ ပါရှိပါတယ်။

ကိုဖုန်းမော်၊ ကိုစိုးနိုင်နဲ့တကွ နိုင်ငံအတွက် အလင်းပြခဲ့တဲ့ လူငယ်တွေအားလုံးကို ကမ္ဘာတည်သရွေ့ မမေ့မလျော့ ဘဲ မှန်ကန်တဲ့ လုပ်ဆောင်မှုအားတွေနဲ့ ဂုဏ်ပြုကြဖို့လည်း တိုက်တွန်းနှိုးဆော်ထားပါတယ်။ ဒီကနေ့ ရန်ကုန်စက်မှု တက္ကသိုလ် ကျောင်းဝင်းထဲမှာကျင်းပတဲ့ ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့ ကျဆုံးခဲ့ရတဲ့ ၂၉ နှစ်မြောက် အခမ်းအနား မှာ ဒေါ်အောင်ဆန်းစုကြည် ပေးပို့တဲ့ သဝဏ်လွှာကို ဖတ်ကြားခဲ့တယ်လို့ အခမ်းအနားဖြစ်မြောက်ရေးကော်မတီ ဝင် ဦးဇော်မျိုးအောင် က ပြောပါတယ်။

''ကျနော်တို့က တရားဝင်ပေါ့နော်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆီ တရားဝင်စာတင်ပါတယ်၊ ကျင်းပရေးကော်မတီပေါ့နော်၊ ကျနော်တို့ e-mail ကို လိပ်မူပြီး မနေ့ကပဲ ညနေက ပို့လာတာပါ၊ အခမ်းအနားမှာ ဖတ်ကြားပြီးပါပြီ၊ နံရံမှာလည်း ကပ်ထားပါတယ်''

မြန်မာပြည်ရဲ့ အပြောင်းအလဲများစွာဟာ မတ်လကနေ အစပြုလို့ ဖြစ်ပေါ်လာလေ့ရှိသလို ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ ကျဆုံးခဲ့ရတဲ့နေ့ရက်ဟာလည်း မတ်လရဲ့သမိုင်း မှတ်တမ်းတစ်ခုဖြစ်ကြောင်း၊ ၁၉၈၈ ခုနှစ် မတ်လ ၁၃ ရက်နေ့ ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ ကျဆုံးခဲ့တာဟာ အထွေထွေအကျပ်အတည်းကြောင့် အပြောင်းအလဲကို လိုလားနေ တဲ့ ပြည်သူတစ်ရပ်လုံးအတွက် ပြောင်းလဲချိန်တန်ပြီ၊ ပြောင်းလဲမှရတော့မယ်ဆိုပြီး တပ်လှန့်လိုက်သလိုဖြစ်ကြောင်း ၊ သမိုင်းဒဏ်ရာဒဏ်ချက်တွေထဲ ပိတ်လှောင်မနေဘဲ သင်ခန်းစာယူပြီး နောင် ဒီလိုအဖြစ်ဆိုးမျိုးတွေ ထပ်မံမ ကြုံတွေ့ရအောင် နိုင်ငံ့အနာဂတ်ကောင်းအောင် ဖန်တီးကြမယ်ဆိုတဲ့ ခိုင်မာမြဲမြံတဲ့ ဆုံးဖြတ်ချက်တွေချမှတ်ဖို့ လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းထားပါတယ်။

ဒါ့အပြင်  အတိတ်ရဲ့ဆိုးမွေတွေထဲက အကောင်းတွေဖြစ်ပေါ်လာစေဖို့အတွက် လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးဆယ်နီးပါး ထဲက မျှော်မှန်းတောင့်တခဲ့တဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးကို ဝိုင်းဝန်းထူထောင်ကြဖို့လည်း တိုက်တွန်း ထားပါတယ်။ နိုင်ငံအတွက် အနစ်နာခံ၊ အထိခိုက်ခံခဲ့တဲ့ စစ်မှန်တဲ့အာဇာနည်တွေကို လွမ်းဆွတ်တန်ဖိုးထားတဲ့ အနေနဲ့ ငြိမ်းချမ်းတဲ့လူ့ဘောင်နဲ့ ဒီမိုကရေစီပန်းတိုင်ကို အမှန်တကယ်ရောက်တဲ့အထိ ချီတက်သွားကြဖို့လည်း ပါရှိပါတယ်။ အဲဒီသဝဏ်လွှာကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က e-mail ကနေတဆင့် အခမ်းအနားဖြစ်မြောက်ရေး ကော်မတီထံ ပေးပို့ခဲ့တာဖြစ်ပါတယ်။

အခမ်းအနားကို ရန်ကုန်စက်မှုတက္ကသိုလ်ဝင်းထဲမှာ တရားဝင်ကျင်းပခွင့်ရတာ ဒါပထမဆုံးအကြိမ် ဖြစ်တယ်လို့ သိရပါတယ်။ အခမ်းအနားကို စက်မှုတက္ကသိုလ် ကျောင်းသားဟောင်းတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ၊ တက္ကသိုလ်ကျောင်းသား သမဂ္ဂအဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။

၁၉၈၉ ခုနှစ်ကစပြီး ဒီမိုကရေစီအရေး လှုပ်ရှားသူတွေက မတ်လ ၁၃ ရက်နေ့ကို မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ အဖြစ် သတ်မှတ်ပြီး ကျင်းပခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။