ပေးဆပ်ခဲ့ရသူတွေကို လေးစားတန်ဖိုးထားကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ ကျဆုံးခြင်း ၃၁ နှစ်ပြည့် အခမ်းအနားအတွက် ဒေါ်အောင်ဆန်းစုကြည် ပေးပို့တဲ့ သဝဏ်လွှာကို တွေ့ရစဉ်
ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ ကျဆုံးခြင်း ၃၁ နှစ်ပြည့် အခမ်းအနားအတွက် ဒေါ်အောင်ဆန်းစုကြည် ပေးပို့တဲ့ သဝဏ်လွှာကို တွေ့ရစဉ် (.)

ဒီမိုကရေစီရရှိရေး ကြိုးပမ်းရာမှာ ပေးဆပ် စွန့်လွှတ်ခဲ့ရသူတွေကို လေးစားတန်ဖိုးထားပြီး နောက်ထပ် စတေးရသူတွေ ထပ်မရှိလာတဲ့ အခြေအနေရောက်အောင် အားလုံးက ဝိုင်းဝန်းကြိုးပမ်းကြဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။

ဒီနေ့ကျရောက်တဲ့ ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ ကျဆုံးခြင်း ၃၁ နှစ်ပြည့် အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာပေးပို့ရာမှာ ထည့်သွင်း တိုက်တွန်းလိုက်တာဖြစ်ပါတယ်။

ကိုဖုန်းမော်နဲ့ ကိုစိုးနိုင်တို့ ကျဆုံးခဲ့ရတာဟာ တစ်ပါတီ အာဏာရှင်စနစ်အောက်ကနေ လွတ်လပ်ပွင့်လင်းတဲ့ ဒီမိုကရေစီ ခရီးလမ်းကို လျှောက်လှမ်းဖို့ ပြည်သူလူထု တစ်ရပ်လုံးကို တပ်လှန့်နှိုးဆော်လိုက်တဲ့ သမိုင်းစာမျက်နှာဖြစ်ပြီး လူသိထင်ရှားဖြစ်စေ၊ လူမသိသူမသိဖြစ်စေ စတေးပေးဆပ်ခဲ့ကြသူတွေကို တန်ဖိုးထား အမှတ်ရနေမှာဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ သဝဏ်လွှာမှာ ထည့်သွင်းထားပါတယ်။

မြန်မာနိုင်ငံမှာ ဒီနေ့အချိန်ထိ ခိုင်မာတဲ့ ဒီမိုကရေစီစနစ်ကို မတည်ဆောက်နိုင်သေးပေမယ့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လမ်းကြောင်းကို ရောက်ရှိနေပြီဖြစ်တာကြောင့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးမှာ ကြုံတွေ့ရမယ့် စိန်ခေါ်မှုနဲ့ အခက်အခဲတွေကို ပြည်သူတွေနဲ့ အတူပူးပေါင်းပြီး စုပေါင်းအင်အားနဲ့ ဆက်လက် ကျော်လွှားသွားရမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ကိုကျော်ထွန်းနိုင် ပေးပို့တာပါ။