တပ်မတော်ရဲ့ဖာပွန်ခရိုင်အတွင်း လမ်းဖောက်လုပ်မှု ရပ်ဆိုင်း
2018.03.22
ကရင်ပြည်နယ် ဖာပွန်ခရိုင် တောင်ပိုင်းမှာ တပ်မတော်ဘက်က KNU နယ်မြေအတွင်း လမ်းတိုးချဲ့ဖောက်လုပ်တဲ့ အတွက် နှစ်ဖက်လက်နက်ကိုင် ပဋိပက္ခတွေဖြစ်ရတဲ့ကိစ္စကို JMC - U အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြပြီး လက်ရှိအချိန်မှာ နှစ်ဖက်တပ်တွေ နားလည်မှုနဲ့ အပစ်ရပ်ထားပြီး လမ်းဖောက်လုပ်မှုကိုလည်း ရပ်ဆိုင်းထားပါတယ်။
၁၅ ကြိမ်မြောက် JMC - U အစည်းအဝေး ဒီနေ့ ဒုတိယမြောက်နေ့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ကရင်ပြည် နယ် ဖာပွန်ခရိုင်က တပ်မှူးတွေကို တွေ့ဆုံစေပြီး ဆွေးနွေးဖြေရှင်းသွားမယ်လို့ JMC-U အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး ဝဏ္ဏအောင်က ပြောပါတယ်။
"NCA ထိုးပြီးကတည်းက တယောက်နဲ့တယောက် အပစ်အခတ်ကို ရပ်ထားကြတာဖြစ်ပါတယ်၊ ရပ်ထားတဲ့ အပေါ်မှာ တပ်မတော်ဘက်ကလည်း စစ်သည်တွေရဲ့အုပ်ချုပ်မှုကိစ္စ၊ ရိက္ခာပို့ဖို့ ဒေသဖွံ့ဖြိုးရေးလမ်းလည်း ဖြစ်တယ်ဆိုပြီးတော့ ဆောင်ရွက်တယ်၊ တဖက်ကလည်း စိုးရိမ်စိတ်တွေနဲ့ဖြစ်တာပေါ့၊ အဲဒီအတွက် ဒါလေးကိုညှိနှိုင်းနိုင်ပါတယ်၊ အခုလည်းညှိနှိုင်းဖို့ပဲ၊ ဒီနေ့အစည်းအဝေးမှာ တိုင်ပင်တယ် ဆုံးဖြတ်တယ်၊ ညှိနှိုင်းပြီးတော့ ဆောင်ရွက်သွားမှာပါ၊ လက်ရှိလည်း အပစ်အခတ်ကို တဖက်နဲ့တဖက် မဖြစ်ဘူးဆိုတာလည်း ဒီနေ့ပြောဆိုပြီးတော့ ညှိနှိုင်းခဲ့ကြတာပါ"
KNU ထိန်းချုပ်နယ်မြေအတွင်း ဒီခေးပူနဲ့ လယ်မှုပလောကြားမှာရှိတဲ့ လမ်းဟောင်းတွေကို တပ်မတော်က လမ်းဖောက်တာဟာ အဲဒီဒေသမှာရှိတဲ့ တပ်မတော်စခန်းတွေကို ရိက္ခာသယ်ယူဖို့အတွက် လမ်းဖောက် လုပ်တာဖြစ်ပြီး မိုးတွင်းကာလရောက်တာနဲ့ အသုံးပြုတော့မှာ မဟုတ်ဘူးလို့ ပြောပါတယ်။
ဖာပွန်မှာဖြစ်ပွားခဲ့တဲ့ KNU နဲ့ တပ်မတော်ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး လာမယ့် မတ်လ ၃၀ ရက်နေ့မှာ နှစ်ဖက်ခေါင်းဆောင်တွေ ကရင်ပြည်နယ် ကျောက်ကြီးမြို့မှာ တွေ့ဆုံဆွေးနွေးသွားမယ်လို့ ခန့်မှန်း ထားကြောင်း ဗိုလ်မှူးကြီး ဝဏ္ဏအောင်က ပြောပါတယ်။
ဆွေးနွေးပွဲကို ၃ ရက်ကျင်းပဖို့ စီစဉ်ထားပြီး ၂ ရက်မြောက်နေ့မှာပဲ ဆုံးဖြတ်ချက် ၆ ခုချက်မှတ်ပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
KNU ဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA မှာ လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်း တစ်ခုလည်း ဖြစ်ပါတယ်။ တိုက်ပွဲကြောင့် ဒေသခံ ၂ ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရပေမယ့် တပ်မတော်ဘက်ကကော KNU ဘက်ကကော ဘာတွေ ဆောင်ရွက်နေတယ်ဆိုတာကိုတော့ တိတိကျကျ ဖြေသွားတာမရှိပါဘူး။