ဖားကန့်မှာ ရေမဆေးကျောက် သမားတွေကို ဖမ်းဆီး


2013.05.27
pharkant_305 ဖားကန့် နေရာပြမြေပုံ
Photo: Google Map

လုပ်ကိုင်စားသောက်နေတဲ့ ရေမဆေးကျောက်ရှာတဲ့ လူတွေကို အာဏာပိုင်တွေက အခုရက်ပိုင်းအတွင်း ဖမ်းဆီးနေတာကြောင့် ဒေသခံကျောက်ကုန်သည်တွေပါ အခက်အခဲတွေ့နေကြရတယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ မေလ ၂၄ ရက်နေ့က စတင်ပြီးတော့ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုအတွင်း ရှိ မှော်ဆီစာလို့ခေါ်တဲ့ ကျောက်တွင်းတွေမှာ လုပ်ကိုင်စားနေတဲ့ ရေမဆေးကျောက်သမားတွေကို တာဝန်ကျစစ်တပ်နဲ့ လုံထိန်းတွေက ဖမ်းဆီးနေတာဖြစ် တယ်လို့ လုံးခင်းဒေသခံ အမျိုးသမီးတစ်ယောက် က ပြောပါတယ်။ သူတို့ကိုဖမ်းဆီးတဲ့အကြောင်းနဲ့ ပတ်သက်လို့ ဒေသခံ ကျောက်ကုန်သည်တစ်ယောက် ကလည်း ခုလိုပြောပါတယ်။

“စောစောပိုင်းကတော့ ဖမ်းတာမဟုတ်ဖူး၊ မနက် ၈ နာရီလောက် တစ်ကြိမ်၊ ညနေပိုင်း တစ်ကြိမ်လောက်ပေါ့၊ အဓိကက မတူးကြဖို့အတွက် သူတို့မောင်းတယ်၊ ၂၄ ရက်နေ့ကျတော့ ဝိုက်ပြီးဖမ်းတာ ၁၀၇ ယောက် ၊ ၃၂ ယောက် လွှတ်ပေးပြီးမှ ၇၅ ယောက်ကိုတော့  ကားနဲ့ခေါ်သွားတယ်လို့သိရတယ်၊ ဘယ်ကိုခေါ်သွားမှန်းတော့မသိဘူး လုပ်ကွက်တွေမှာလဲ ခဏခဏသေကြတယ်။ ကျင်းတွေပြို၊ မြေတွေပြိုပြီး သေကြတယ်။  လုပ်ကွက်တွေထဲမှာလဲ ဝင်တူးကြတာဆိုတော့ အဲဒီကိစ္စလေးတွေ ထိန်းသိမ်းဖို့နဲ့  မလိုလားအပ်တဲ့ ပြဿနာလေးတွေ ရှင်လင်းချင်လို့နဲ့တူပါတယ်”

ပြန်လွှတ်ပေးတဲ့သူ ၃၀ ကျော်ဟာ ဒေသခံတွေဖြစ်ပြီး ကားနဲ့ခေါ်သွားတဲ့လူအများစုကတော့ အောက်မြန်မာနိုင်ငံကလာပြီး လုပ်ကိုင်စားတဲ့သူတွေဖြစ်တယ်လို့ သိရပါတယ်။ အဲဒီလိုဖမ်းဆီးတာတွေကြောင့် ဒီနေ့အထိ မှော်ဆီစာ ကျောက်စိမ်းတွင်းတွေမှာ ရေမဆေးကျောက် ရှာတဲ့သူတွေ မလာရဲတော့ပဲ အရောင်းအဝယ်တွေလဲ မဖြစ်တော့ဘူးလို့   သူကဆက်လက်ပြောပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။